အထက်သံလွင် (မိုင်းတုံ)ရေအားလျှပ်စစ် စီမံကိန်းအရေး တာချီလိတ်၌ ဆွေးနွေး

အထက်သံလွင် (မိုင်းတုံ)ရေအားလျှပ်စစ် စီမံကိန်းအရေး တာချီလိတ်၌ ဆွေးနွေး
မေ 19, 2015
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ မိုင်းတုံမြို့နယ်၊ ၀မ်ဆာလ ကျေးရွာမှ(၁၉)ကီလိုမီတာ အကွာ၊ တာချီလိတ်မြို့မှ ၂၄၆ ကီလိုမီတာအကွာ သံလွင်မြစ်အလယ်ပိုင်း၌ တည်ဆောက်ရန် လျာထားသည့် အထက်သံလွင် (မိုင်းတုံ) ရေအားလျှပ်စစ် စီမံကိန်းအား ခရိုင်အဆင့်တွေ့ဆုံ ရှင်းလင်းဆွေးနွေးပွဲကို မေ (၁၈)ရက်၊ နံနက်(၁၀)နာရီက တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စွာလွင် က ရေအားလျှပ်စစ် စီမံကိန်း ရှင်းလင်းဆွေးနွေးခြင်း နှင့် စပ်လျဉ်းပြီး အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် စီမံကိန်းအဖွဲ့ခေါင်းဆောင် သြစတေးလျနိုင်ငံသား Mr. Michael Holics က မိတ်ဆက်ခြင်းနှင့် ကြိုဆိုခြင်းတို့ကို ရှင်းလင်းပြောကြားပြီး၊ ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း (EIA) နှင့် လူမှုရေးရာသက်ရောက်မှု လေ့လာဆန်းစစ်ခြင်း(SIA)လေ့လာမှုအဖွဲ့၏ လုပ်ငန်းစဉ် များ၊ အထက်သံလွင် (မိုင်းတုံ) အဆိုပြု ရေအားလျှပ်စစ်စီမံကိန်း အကြောင်းအရာနှင့် စီမံကိန်းအတွက် EIA ၊ SIAတို့၏ လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာများကို ဦးကြည်ဝင်း( Senior Stakeholder and Government Liaison Specialist ) က power point ဖြင့် ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဌာနဆိုင်ရာများက စီမံကိန်းနှင့် စပ်လျဉ်းသည့် ပျက်စီးဆုံးရှုံးမည့် အခြေအနေများအား ပြန်လည်ထောက်ပံ့ပေးနိုင်မည့် အခြေအနေ၊ ရေ၀င်ရေလဲဖြစ်မည့် သစ်တော ဧရိယာများတွင် ပြန်လည် အစားထိုး ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြစ်ကြောင်းတစ်လျှောက် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ၊ ကျန်းမာရေးအတွက် စောင့်ရှောက်ပေးနိုင်မှုများနှင့် ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မည့် အခြေအနေ၊ တမံ တည်ဆောက်ပြီးပါက သဘာဝဘေးအန္တရာယ် အတွက် ကြိုတင်ကာကွယ်နိုင်မှု အခြေအနေ၊ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်သည့် လယ်ယာမြေများတွင် ပြန်လည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အခြေအနေထိ ဆောင်ရွက်ပေးနိုင်မှု အခြေအနေနှင့် မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းအဆင့်မြှင့်တင်ပေးနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးရာ ရေအားလျှပ်စစ် စီမံကိန်း ၏ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေးသည်။

ရှင်းလင်းဆွေးနွေးပွဲသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ၊ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ မိုင်းတုံရေအားလျှပ်စစ်စီမံကိန်း သည် (၂၄၁)မီတာ မြင့်မား၍ (၆၀၆)မီတာ ရှည်လျားသော တမံ တစ်ခု၊ ရေလှောင်ဧရိယာ (၆၄၁)စတုရန်းကီလိုမီတာ ၊ ရေအမြင့် (၃၉၅)မီတာ၊ ရေထိန်းနံရံမှ အပေါ်ပိုင်းသို့ ခန့်မှန်းခြေ (၃၈၀)ကီလိုမီတာခန့် ကျယ်ပြန့်နိုင်မည်ဖြစ်ပြီး၊ မီဂါဝပ်(၇၀၀၀)ခန့် ထုတ်လုပ်ပေးနိုင်သော ရေအားလျှပ်စစ် စီမံကိန်း ဖြစ်ကာ ၊ နှစ်စဉ် ကီလိုဝပ်နာရီပေါင်း (၃၄)ဘီလီယံ ထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ ရေလွှမ်းဧရိယာတွင် နေထိုင် သော လူဦးရေ(၁၂၀၀၀)ခန့် အား ပြန်လည်နေရာချထားရေး လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း၌ (၃၀၀)ကီလိုမီတာ ရှည်လျားသော တောင်ငူ သို့ ဓာတ်အားလိုင်း၊ (၂၅၀)ကီလိုမီတာ ရှည်လျားသော တောင်ကြီးသို့ ဓာတ်အားလိုင်း (၂)လိုင်းအား ရွေးချယ် အတည်ပြုရန် လျာထားပြီး၊ ပိုလျှံလာသော ဓာတ်အားများအား အရှည်ကီလို မီတာ(၂၀၀)ရှိသည့် မြန်မာ - တရုတ် ဓာတ်အားလိုင်း၊ အရှည် ကီလိုမီတာ(၁၂၀)ရှိသည့် မြန်မာ -ထိုင်းဓာတ်အားလိုင်း
တို့ဖြင့် ရောင်းချရန် စီမံလျာထားကြောင်း၊ ယင်းစီမံကိန်း အနေဖြင့် မြန်မာနိုင်ငံအတွက် လျှပ်စစ်စွမ်းအား သုံးစွဲနိုင်မှု ပိုမိုများပြားလာစေမည်ဖြစ်ပြီး၊ နိုင်ငံတော်၏ အနာဂတ်စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှုအတွက် ပိုမိုအား ကောင်းလာစေရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း စီမံကိန်းမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရသည်။

သတင်း ။  ။ ဝေယံလင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~