အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ တာချီလိတ်၌ ပြုလုပ်

အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုပွဲ တာချီလိတ်၌ ပြုလုပ်
မေ 15, 2015
By Tachileik News Agency

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းဒေသ တာချီလိတ်မြို့နယ်တွင် ၂၀၁၅ခုနှစ်၊ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု လုပ်ငန်းများ၌ ကြီးကြပ်သူ ဆရာမများနှင့် လုပ်အားပေး တက္ကသိုလ်ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ မေလ (၁၅)ရက်၊ နံနက်(၉)နာရီ အချိန်က သွယ် (DORNG ) စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

အခမ်းအနားတွင် "မြို့နယ်အတွင်းရှိ ပညာသင်ယူရန် အခက်အခဲရှိခဲ့သော တိုင်းရင်းသား ပြည်သူများအား အသိဥာဏ်ပညာလာရောက် ဖွင့်ပေးသည့် ကျိုင်းတုံတက္ကသိုလ်မှ ကြီးကြပ်သူ ဆရာမများနှင့် လုပ်အားပေး တက္ကသိုလ်ကျောင်းသားကျောင်းသူများ ၊ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ၊ ရပ်ကွက်ကျေးရွာများမှ တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း၊ စာပေဖတ်ရှု လေ့လာနိုင်ခြင်းအားဖြင့် အသိပညာ ဗဟုသုတများ ပိုမိုတိုးတက်ရရှိကာ ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်သည့်အပြင် မြို့ပြ နှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှုများ ကွာဟမှု လျော့နည်း စေမည်ဖြစ်ကြောင်း" မြို့နယ်ပညာရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း က အဖွင့် အမှာစကား အဖြစ် ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးစိန်ထွန်းလှက လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာသည် အဓိကဖြစ်၍၊ ကျောင်းသားအရွယ် သာမက ရပ်ကွက်၊ ကျေးရွာနေပြည်သူများပါ မကျန် စာပေဖတ်ရှုနိုင်ရေးသည် အရေးကြီးသဖြင့် ယခုလို အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုတွင် အားကြိုးမာန်တက် ပါဝင်ခဲ့သည့် ကျိုင်းတုံတက္ကသိုလ်မှ ကြီးကြပ်သူ ဒေါက်တာနွယ်နီတင် (ကထိက) ရုက္ခဗေဒဦးဆောင်သည့် ဆရာမများ၊ လုပ်အားပေး ကျောင်းသားကျောင်းသူများအား ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးကြည်မြင့် က ကြီးကြပ်သူများနှင့် ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုလက်ဆောင် ပေးအပ်ရာ ကိုယ်စားလှယ်တစ်ဦးက လက်ခံယူသည်။

ဆက်လက်၍ စာသင်သားများ ကိုယ်စား အာခါတိုင်းရင်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး၊ လုပ်အားပေးကျောင်းသားကျောင်းသူများက“ ခရီးဖော်တို့ လမ်းခွဲချိန် နှုတ်ဆက် ” သီချင်း နှင့် မြနန္ဒာ သီချင်း တို့ဖြင့် ပျော်ရွှင်စွာ စုပေါင်းသီဆိုကြသည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလှုပ်ရှားမှုတွင် တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်မြို့နယ်များရှိ ကျေးရွာ (၁၉)ရွာ၌ စာသင်ဝိုင်း(၂၇) ၀ိုင်းဖြင့် တိုင်းရင်းသားပြည်သူ (၄၇၆)ဦးတို့အား ကျိုင်းတုံတက္ကသိုလ်မှဆရာ၊ဆရာမများ၊ ကျောင်းသားကျောင်းသူ (၃၀)ဦး နှင့် ရပ်ကွက်ကျေးရွာများမှ ပူးပေါင်း ပါဝင်ကာ ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့မှ ယနေ့ မေလ(၁၅)ရက်နေ့ အထိသင်ကြားပေးခဲ့ပြီး၊ ယင်း အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုလုပ်ငန်းများ အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း(၃၀)၊ ပညာရေးဝန်ကြီး ဌာနမှ ကြီးကြပ်သူများ၊ လုပ်အားပေး ကျောင်းသား ကျောင်းသူများအား တစ်ရက်လျှင် ငွေကျပ်(၃၀၀၀)နှုန်းဖြင့် ကျပ် (၁၃၅၀၀၀)စီနှင့် ဒေသအတွင်း သွားလာမှု ခရီးစရိတ်များ ထောက်ပံ့ပေး ခဲ့ကြောင်း သိရသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - ယာဆေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~