လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ DNA အား ပြန်လည် စစ်ဆေးရန် တရားရုံးမှ အတည်ပြု

လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦး၏ DNA အား ပြန်လည် စစ်ဆေးရန် တရားရုံးမှ အတည်ပြု
မေ 1, 2015
By Tachileik News Agency

ထိုင်းနိုင်ငံတောင်ပိုင်း၊ လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး သေဆုံးမှုနှင့် ပတ်သတ်၍ ဖမ်းဆီးခံ ထားရသော မြန်မာအလုပ်သမား (၂)ဦး၏ DNA နှင့် သက်သေ အထောက်အထားများကို ပြန်လည် စစ်ဆေးရန် တောင်းဆိုချက်အား ကော့စမွေ တရားရုံးမှ ဧပြီ(၃၀)ရက်နေ့က သဘောတူ အတည်ပြုပေးလိုက်ကြောင်း သိရသည်။

( မြန်မာနိုင်ငံသား နှစ်ဦးအား ရုံးထုတ်လာစဉ် ။ ဓါတ်ပုံ။  ။ အီးပီအေ )

“ဒီအမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်သက်သေတွေကို ပြန်စစ်နေပါတယ်၊ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးထားတဲ့ DNA တွေဆိုတာ သလိပ်နဲ့ တံတွေးတွေပေါ်မှာ စစ်ထားတာဆိုတော့ လက်ခံယုံကြည်လို့ မရနိုင်ပါဘူး၊အမှုက ကြာနိုင်သေးတယ်”ဟု MAT မှ ပြန်ကြားရေးတာဝန်ခံ ကိုစောမြတ်ချိုမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား(၂)ဦးမှာ မတရား ဖမ်းဆီးခံထားရခြင်းသာဖြစ်ကြောင်း၊ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အား ယုံကြည်၍ မရကြောင်း၊ အမှုမှန် ပေါ်ပေါက်ရန်အတွက် မြန်မာနိုင်ငံသံရုံးမှ လိုက်ပါဆောင်ရွက်လျှက်ရှိကြောင်း ၎င်းထံမှ သိရသည်။

အမှုမှာ ၂၀၁၄ စက်တင်ဘာ (၁၅)ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံသား ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့၏ တရားရုံးထုတ်ရက်ဖြစ်သော ဧပြီ(၃၀)ရက်နေ့တွင် ရှေ့နေများမှ တောင်းဆိုထားသည့်ကိစ္စတစ်ရပ်ဖြစ်သည့် DNA များကို လွတ်လပ်စွာပြန်လည် စစ်ဆေးရန်နှင့် အချက်အလက်များရရှိရန် တောင်းဆိုထားမှုအား ကော့စမွေတရားရုံးမှ သဘောတူခဲ့ကြောင်း သိရသည်။

အမှုနှင့်သက်ဆိုင်သော သက်သေ အထောက်အထားများ ပြန်လည်စစ်ဆေးရန် တရားရေးနှင့် မှုခင်းဆိုင်ရာသိပ္ပံသို့ တရားရုံးမှ အကြောင်းကြားမည်ဖြစ်ကြောင်း သိရသည်။

အမှုနှင့် ပတ်သက်၍ တရားစီရင်ရေးအား ပွင့်လင်းမြင်သာမှုနှင့် တရားမျှတမှုရှိအောင် ဆောင်ရွက်သွားမည်ဟု ကော့စမွေတရားရုံးမှ ပြောကြားထားကြောင်း ဘန်ကောက်ပို(စ်)သတင်းစာတွင် ဖော်ပြထားသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~