ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ ချင်းရိုင်းခရိုင်အတွင်း လိမ္မော်ခြံမှ ထိုင်းရဲများက ဖမ်းဆီးခဲ့သော မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမား အဖမ်းဆီးခံ (၈၄)ဦး အပါအ၀င် အခြားဖမ်းဆီးခံ(၅)ဦး စုစုပေါင်း (၈၉)ဦးအား ယနေ့ မေလ(၂၂)ရက် (၁၅း၀၀)နာရီ ၀န်းကျင်အချိန်က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ တဆင့် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ နှစ်နိုင်ငံ ချစ်ကြည်ရေး အမှတ်(၁)တံတား အလယ်တွင် တရားဝင် လွှဲပြောင်းခဲ့ကြသည်။
ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချင်းရိုင်းခရိုင် အတွင်းရှိ လိမ္မော်ခြံ တစ်ခြံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများ အဖမ်းဆီးခံထားရကြောင်း မေလ (၂၂) ရက်နေ့ နံနက်ပိုင်းက သတင်းရရှိသည့် အတွက် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၏ လမ်းညွှန်ချက် အရ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ (CNCMC)မှ လုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ ဒု-ဥက္ကဌ ဦးအောင်ဖြိုးရှိန် နှင့် အတွင်းရေးမှူး ဦးစည်သူမောင် အပါအ၀င် ကော်မတီဝင် ဦးဇော်အောင်တို့မှ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနသို့သွားရောက် ဆက်သွယ်စုံစမ်းခဲ့ကြသည်။
ထိုသို့ သွားရောက် ဆက်သွယ်စုံစမ်းရာတွင် ထိုင်းနိုင်ငံ (မြောက်ပိုင်း) ချင်းရိုင်းခရိုင် ၊ ၀ီယံချိုင်းမြို့ ၊ ဒုန်းစီလာအုပ်စု ၊ စမာမစ်ကျေးရွာရှိ အေကရတ် လိမ္မော်စိုက်ပျိုးရေးခြံရှိ မြန်မာအလုပ်သမား ကျား (၄၂)ဦးနှင့် မ (၄၂)ဦး အပါအ၀င် ကလေးလုပ်သား (၂၆)ဦးတို့သည် မေလ (၁၅)ရက်နေ့ နံနက် (၁၀)နာရီ အချိန် လုပ်ငန်းခွင် ၀င်နေစဉ်အတွင်း ထိုင်းတာဝန်ရှိသူများမှ တရားမ၀င်နေထိုင်မှုဖြင့် ၀င်ရောက် ဖမ်းဆီးရာမှ မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများအနေဖြင့် ယခုလို ဖမ်းဆီးခြင်းကို ခံရခြင်းဖြစ်ကြောင်း CNCMC ကော်မတီမှ သိရသည်။
အဆိုပါ မြန်မာအလုပ်သမား (၈၄)ဦး အပါအ၀င် အခြား ဖမ်းဆီးခံထားရသူ(၅)ဦး စုစုပေါင်း (၈၉)ဦးအား မေလ (၂၂) ရက် မွန်းလွဲပိုင်းက တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် လာရောက် လွှဲပြောင်းပေးအပ်ရာ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် တာဝန်ရှိသူများက လွှဲပြောင်းလက်ခံရယူကာ အားပေးစကားများ ပြောကြားပြီး တာချီလိတ်မြို့ မဟာမြတ်မုနိ ဘုရားကြီးကျောင်းတိုက်တွင် ခေတ္တနေရာ ချထားပေးကာ စားဝတ်နေရေးအား စီစဉ်ထားပေးကြောင်း သိရသည်။
မြန်မာအလုပ်သမား အချို့၏ မှတ်ပုံတင်နှင့် လုပ်ခလစာများရရှိရန် ကျန်ရှိနေကြောင်း သိရှိရသည့် အတွက် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီ နှင့် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့၏ ပူးပေါင်း အစီအစဉ်ဖြင့် မြန်မာအလုပ်သမားများအတွက် နေ့လည်စာ ထမင်းဗူးများနှင့် သောက်ရေသန့်များအား ဝေငှပေးခဲ့ပြီး ညပိုင်းအတွက် ညစာအား တာချီလိတ်မြို့ ဗယ်လင်တိုင်း+နိုင်းနိုင်း (ကဖေးနှင့်အအေး) စားသောက်ဆိုင်မှ အာဟာရဒါနပြုကြောင်း သိရသည်။
အဆိုပါ လိမ္မော်ခြံတွင် အလုပ်လုပ်ကိုင်နေကြသည့် အသက်(၁၄)နှစ်မှ (၁၈)နှစ်အကြား ကလေး လုပ်သား (၂၆) ဦးအား ချင်းရိုင်းမြို့တွင် ထိန်းသိမ်းထားရှိသည့် အတွက် ယင်းကလေးလုပ်သား (၂၆)ဦး
လွတ်မြောက်ရေးနှင့် တရားမ၀င်မြန်မာအလုပ်သမားများ၏ မှတ်ပုံတင် အပါအ၀င် အသုံးအဆောင်များ ၊ ရက်သတ္တ (၂)ပတ်စာ လုပ်အားခများ ရရှိရေးတို့ အတွက် CNCMC ကော်မတီမှ ထိုင်းနိုင်ငံ အလုပ်
သမားဖူလုံရေးဌာန နှင့် မဲခေါင်မြစ်ဝှမ်း လူမျိုးစု ကယ်ဆယ်စောင့်ရှောက်ရေး ဖောင်ဒေးရှင်း Mekong Minority Foundation (MMF) တို့နှင့် ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ယခု လွှဲပြောင်းလာသော မြန်မာနိုင်ငံသား တရားမ၀င်အလုပ်သမားများတွင် ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသကြီးတို့မှ ပါဝင်ပြီး အများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးမှ ကျား+မ စုစုပေါင်း (၅၉)ဦး ပါဝင်ကြောင်း သိရသည်။
ပြန်ပို့ခံ မြန်မာအလုပ်သမားများအတွက် လတ်တလောလိုအပ်နေသည့် အ၀တ်အထည်များကို တာချီလိတ်မြို့ မဇ္ဈိမလူမှုကူညီရေးအသင်းမှ အကောင်အထည်ဖော်နေလျက်ရှိသည့် ဆိုင်းငံ့ဝတ်စုံများကို အသင်း ဥက္ကဌ ဦးတင့်ဆွေ နှင့် အသင်းသူ၊ အသင်းသားများက အဆိုပါ မြန်မာအလုပ်သမားများအား ပေးဝေခဲ့ကြသည်။
"အလုပ်ရှင် သူဌေးကလည်း သဘောကောင်းတယ်၊ ကျွန်တော်တို့ နေမကောင်းရင် ဆေးကုခ ဘယ်လောက် ကုန်ကုန် ဆေးခန်းတို့၊ ဆေးရုံတို့ကို လိုက်ပို့ပေးတယ်၊ အခု အဖမ်းခံရတာက အလုပ်သမားကတ်မရှိလို့ အဖမ်းခံရတာ၊"ဟု မြန်မာနိုင်ငံသား တရားမ၀င်အလုပ်သမားတစ်ဦးဖြစ်သူ ကိုဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ရွာမှာက မိုးခေါင်တော့ လယ်လုပ်ငန်းတွေမှာ အလုပ်က မဖြစ်တော့ဘူး၊ အဲ့ဒါနဲ့ တာချီလိတ်မှာ အဆင်ပြေတယ်ဆိုတာနဲ့၊ တာချီလိတ်ကို လာရာကနေတဆင့် အခု ချင်းရိုင်းက လိမ္မော်ခြံမှာ အလုပ်လုပ်ဖြစ်တာ၊ အလုပ်ရှင်က သဘောကောင်းပြန်တော့လည်း ရဲဖမ်းတာကို ခံရတယ်"ဟု အဖမ်းဆီးခံ မြန်မာအလုပ်သမားများထဲမှ မကွေးတိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦးက ဆိုသည်။
"ကျွန်မတို့ အဖမ်းခံရတော့ နံနက်(၁၀)နာရီဝန်းကျင်မှာပဲ အလုပ်လုပ်နေရင်း အဖမ်းခံရတာ၊ ဖမ်းခံရတဲ့ ယောကျာ်းလေးတွေ အကုန်လုံး ဂတုံး တုံးခံရသလို၊ ကျွန်မတို့ မိန်းမသားတွေ အနေနဲ့လည်း တစ်ချို့ဆိုရင် ခြေသလုံးထိ ဆံပင်ရှည်တာတွေ၊ ပေါင်ထိ ဆံပင်ရှည်တာတွေပါတယ်၊ အကုန်လုံးကို လာခဲ့ဆိုပြီး တစ်ယောက်ချင်းစီ ဆံပင်တွေညှပ်လိုက်တာကို ခံလိုက်ရတယ်.."ဟု ဖမ်းဆီးခံ မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများထဲမှ အမျိုးသမီးတစ်ဦးက ပြောပြသည်။
"ဒီနေ့ လွှဲပြောင်းလာတဲ့ မြန်မာအလုပ်သမားတွေထဲက အသိမိတ်ဆွေတွေက တာချီလိတ်မှာ ရှိနေကြတော့ ဒီသတင်းကို ကြားကြတော့၊ အသိမိတ်ဆွေတွေက လာခေါ်သွားကြတယ်၊ အခုလောလောဆယ်တော့ မြန်မာအလုပ်သမား (၁၁)ဦး မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်မှာ ခေတ္တ နေ နေတယ်၊ မနက်ဖြန်တော့ သူ့မိတ်ဆွေတွေ ဆီသွားမယ်လို့ သိရပါတယ်"ဟု CNCMC ကော်မတီမှ လုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ ဒု-ဥက္ကဌ ဦးအောင်ဖြိုးရှိန်က ဆိုသည်။
လိမ္မော်ခြံတွင် ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများအား ထိုင်းဘက်တွင် အရေးယူပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပြီးနောက် ကလေးလုပ်သား (၂၆)ဦးအား လွှဲပြောင်းလာရန် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သတင်း။ ။ မောင်ယဉ်ကျေး၊ ကိုဇောင်း
ဓါတ်ပုံ။ ။ ဇောင်းညီ