မြန်မာ - ထိုင်းနယ်စပ်ဒေသမြို့ဖြစ်သည့် တာချီလိတ်မြို့တွင် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ရွှေ့ပြောင်း အလုပ်သမားများ လာရောက်၍ အလုပ် လုပ်ကိုင်လျက်ရှိရာ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုများ မဖြစ်ပွားစေရေးအပြင် လုပ်အား ခေါင်းပုံဖြတ်မှုများ၊ လူကုန်ကူးမှုများနှင့် ပတ်သက်၍ အယုံမလွယ်မိစေရန် အတွက် တာချီလိတ်မြို့ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း (ကဖေး နှင့် အအေး) စားသောက်ဆိုင်မိသားစုမှ စီစဉ်သည့် အသိပညာပေးဟောပြောပွဲတွင် အဆိုပါဆိုင်ရှိ ၀န်ထမ်း (၃၃)ဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့ မေလ(၂၅)ရက် နေ့လည်ပိုင်းက အသိပညာပေး ဟောပြောသည်။
လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးနှင့် ပတ်သက်၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)၊တာချီလိတ် မှ တပ်ဖွဲ့စိတ်မှူး ဒုရဲမှူးရင်ရင်အေး နှင့် ရဲအုပ်လှဘုန်းတို့မှ လူကုန်ကူးမှု အကြောင်းအရာများ၊ လူမှောင်ခိုမှု အကြောင်းအရာများ နှင့် ပြည်ပအလုပ်အကိုင်ရှာဖွေရေးဆိုင်ရာ ဥပဒေများ အပြင် လူကုန်ကူးမှုကို အထမြောက်စေသည့် သတိထားစရာ အချက်အလက်များကို အသိပညာပေးအဖြစ် ရှင်းလင်းဟောပြောရာ တက်ရောက်လာသူများမှ စိတ်ဝင်တစား မှတ်သားကြသည်။
၎င်းတို့မှ လူကုန်ကူးမှုတားဆီးရေးနှင့် ပတ်သက်၍ လူမှောင်ခိုကူးမှု ဆိုသည်မှာ နိုင်ငံ ဖြတ်ကျော်မှုမှ တဆင့် နိုင်ငံကို ထိခိုက်စေသည့် အမှုဖြစ်ကြောင်း၊ ပြည်ပအလုပ်အကိုင် ရှာဖွေရေးဆိုင်ရာ ဥပဒေသည် တရားဝင် အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီကဲ့သို့ လုပ်ငန်းလိုင်စင် ရရှိထားခြင်းမဟုတ်ဘဲ၊ အလုပ်အကိုင် ရှာဖွေပေးမည်ဟုဆိုကာ ငွေများရယူထားခြင်းနှင့် တရားမ၀င် အလုပ်အကိုင် ရှာဖွေပေးသူများကို အရေးယူနိုင်သည့် ဥပဒေဖြစ်ကြောင်း နှင့် လုပ်အားခေါင်းပုံဖြတ်မှုသည် လူကုန်ကူးမှုကို အထမြောက်စေကြောင်း စသည်ဖြင့် ရှင်းလင်းဟောပြောသည်။
ဆက်လက်၍ ဒုစရိုက်မှုလျော့ပါးရေးနှင့် ပတ်သက်၍ တာချီလိတ်မြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးကျော်သန်း နှင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်မြင့်ထွေးတို့မှ ဒုစရိုက်နှိမ်နှင်းရေးနှင့် မှုခင်းကျဆင်းရေး အကြောင်းအရာများကို အသိပညာပေး ဟောပြောပြီး မသင်္ကာသူများကို တွေ့ရှိရပါက ရဲတပ်ဖွဲ့အား အမြန်ဆုံး ဆက်သွယ် အကြောင်းကြားပေးရေးတို့အတွက် ဆက်လက်အသိပေးဟောပြောသည်။
ယခု ဟောပြောပွဲတွင် တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ဘုရင့်နောင်ရုပ်တုရှေ့ရှိ ဗယ်လင်တိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင် နှင့် တာချီလိတ်မြို့နယ် ဓမ္မာရုံလမ်းတွင် ဖွင့်လှစ်ထားရှိသည့် နိုင်းနိုင်း(ကဖေးနှင့်အအေး)စားသောက်ဆိုင်တို့မှ ၀န်ထမ်း အမျိုးသား(၁၀)ဦး နှင့် အမျိုးသမီး (၂၃)ဦး စုစုပေါင်း (၃၃)ဦးတို့မှ တက်ရောက်ကာ လေ့လာမှတ်သားကြသည်။
"ဆိုင်က ၀န်ထမ်းတွေကို လာရောက်ပြီး လစာကောင်းတဲ့ အလုပ်ရှာပေးမယ်၊ ထိုင်းဘက်မှာ အလုပ်ရှာပေးမယ် ဆိုပြီး ခဏခဏ ဖျားယောင်းသွေးဆောင်တာမျိုးတွေ ရှိပါတယ်၊ စုံလည်း စုံစမ်းထားပါတယ်၊ မသင်္ကာစရာရှိတဲ့ လူစာရင်းတွေကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့ကို ပေးပို့ထားပြီး ဖြစ်ပါတယ်၊"ဟု ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း (ကဖေး နှင့် အအေး) စားသောက်ဆိုင် မိသားစုမှ ဆိုသည်။
တာချီလိတ်မြို့ရှိ ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း (ကဖေး နှင့် အအေး) စားသောက်ဆိုင်တွင် အခြားနယ် အသီးသီးမှာ ရောက်ရှိလာပြီး အလုပ်အကိုင်လာရောက် လုပ်ကိုင်သူ ၀န်ထမ်း (၃၀)ကျော်ရှိရာ စားသောက်ဆိုင်တွင် ဧည့်သည်များမှာ လူစုံသည့်အတွက် ယခုအလုပ်ထက် ကောင်းသည့် အလုပ်ရှိကြောင်း၊ လစာများများရသည့် အလုပ်ရှိကြောင်း စသည်ဖြင့် ဖျားယောင်းကာ လာရောက် ခေါ်ဆောင်နေလျက်ရှိကြောင်း သိရသည့်အတွက် အဆိုပါ စားသောက်ဆိုင်ရှိ ၀န်ထမ်းများ အနေဖြင့် လူကုန်ကူးမှုများနှင့် လူမှောင်ခိုကူးမှုများ မခံရစေရေးအတွက် ယခုလို အသိပညာပေး ဟောပြောပွဲကို ပြုလုပ်ပေးရတာဖြစ်ကြောင်း ဗယ်လင်တိုင်း နှင့် နိုင်းနိုင်း (ကဖေး နှင့် အအေး) စားသောက်ဆိုင် မိသားစုထံမှ သိရသည်။
လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၁)၊တာချီလိတ် မှ လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ ဖြစ်စဉ်များနှင့်ပတ်သက်၍ ၂၀၁၅ခုနှစ် ဇန်န၀ါရီလမှ ယခု မေလအတွင်း (၈)မှုရှိပြီဖြစ်ကြောင်း တာချီလိတ်လူကုန်/တားအဖွဲ့မှ သိရသည်။