အဆင့်မြင့်တင် ဆောက်လုပ်ပြီးစီးပြီဖြစ်သော တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ မြို့မဈေးသစ်သို့ ဈေးသူ/ဈေးသားများ အနေဖြင့် ဧပြီ(၃၀)ရက်နေ့ နောက်ဆုံးထား၍ ယာယီဖွင့်လှစ်ထားသော ဈေးမှ ပြောင်းရွှေ့နိုင်ရန်အတွက် ယနေ့ ဧပြီလ(၂၃)ရက် နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဈေးသူဈေးသားများအား ခေါ်ယူတွေ့ဆုံ၍ ဆွေးနွေးကာ အသိပေးလိုက်ကြောင်း သိရသည်။
“မြို့မဈေးသစ်ကိုတော့ မေလထဲမှာ ဖွင့်ပွဲပြုလုပ်ဖို့ စီစဉ်ထားပါတယ်၊ အခုက ယာယီဈေးကနေ ဈေးဆိုင်ခန်းတွေ စတင်ရွှေ့ပြောင်းဖို့နဲ့ ဆိုင်ခန်းခတွေကို အပြီးပေးသွင်းနိုင်ဖို့ကိုလည်း ဈေးသူ၊ ဈေးသားများရဲ့ တောင်းဆိုချက်အရ မေလ(၃၁)ရက်နေ့အထိ အတည်ပြု သတ်မှတ်ပေးထားပါတယ်..”ဟု မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့မဈေးသစ်သို့ ယာယီဈေးမှ ဧပြီလ (၂၄)ရက်နေ့မှ စတင်၍ ပြောင်းရွှေ့နိုင်ပြီဖြစ်ကြောင်း၊ ပေးသွင်းရန် ကျန်ရှိနေသေးသော ဆိုင်ခန်းခမျာအား မေလ(၃၁)ရက်နေ့ နောက်ဆုံးထား၍ ပေးသွင်းရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် ကျော်လွန်ကာ အကြေပေးသွင်းခြင်း မရှိသော ဆိုင်ခန်းများအား စည်ပင်သာယာရေးကော်မတီပိုင် အဖြစ် ပြန်လည် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောကြားသည်။
ဝမ်ကောင်းရပ်ကွက်ရှိ မြို့မဈေးအား ၂၀၁၃ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့က စတင်၍ အသစ်ပြန်လည် အဆင့်မြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ဈေးဖွင့်ပွဲအား မေလအတွင်းမှ ကျင်းပပြုလုပ်မှာ ဖြစ်ကြောင်း သိရှိရသည်။