ထိုင်းနိုင်ငံတွင် တရားမ၀င် အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းမြန်မာ အလုပ်သမား (၄၉)ဦးအား ထိုင်းဘက် တာဝန်ရှိသူများက မြန်မာနိုင်ငံသို့ တာချီလိတ်မြို့ရှိ ထိုင်း - မြန်မာ ချစ်ကြည်ရေး အမှတ်(၁) တံတားပေါ်တွင် ယနေ့ ဧပြီလ(၃၀)ရက် နေ့လယ် (၂)နာရီဝန်းကျင်က တရားဝင် လွှဲပြောင်းခဲ့ကြောင်း သိရသည်။
“ကျွန်မတို့ကို ဖမ်းတာ မယ်ဆိုင်မြို့ကပါ၊ တစ်ခြားလူတွေတော့ နေရာအနှံ့အပြားက ဖမ်းဆီးလာတာပါ၊ အလုပ် လုပ်ကိုင်တဲ့ နေရာမှာ အထောက်အထား စာရွက်စာတမ်း မရှိလို့ ဖမ်းဆီးခံရတာပါ”ဟု တရားမ၀င် အလုပ်သွားရောက် လုပ်ကိုင်ပြီး အဖမ်းခံရသူ မြန်မာအလုပ်သမား တစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းဘက်မှ လွှဲပြောင်းလာသော မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများတွင် ကယားပြည်နယ်မှ ကျား(၂)ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ ကျား(၁၀)ဦး နှင့် မ(၁၁)ဦး၊ ရှမ်းပြည်နယ် တောင်ပိုင်းမှ ကျား(၉)ဦး နှင့် မ(၈)ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကျား(၅)ဦး နှင့် မ(၃)ဦး အပြင် မန္တလေးတိုင်း ဒေသကြီးမှ ကျား(၁)ဦး စုစုပေါင်း အမျိုးသား(၂၇)ဦး နှင့် အမျိုးသမီး (၂၂)ဦးရှိရာ ယနေ့ လွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား တရားမ၀င် အလုပ်သမားများမှာ (၄၉)ဦးရှိကြောင်း သိရသည်။
“သူတို့ကို စစ်ဆေးစရာရှိတာတွေ စစ်ဆေးပြီးရင် သူတို့ နေရပ်တွေကို ပြန်ပို့ပေးမှာပါ တစ်ချို့က ဒီဒေသတွင်းက ဖြစ်သလို တစ်ချို့ကလည်း တာချီလိတ်မှာ ကြုံရာ အလုပ် လုပ်နေကြတာတွေလည်း ရှိပါတယ်”ဟု မြန်မာနိုင်ငံဘက်မှ တာဝန်ရှိသူတစ်ဦးမှပြောသည်။
လွှဲပြောင်းလက်ခံရရှိသော တရားမ၀င်ရွှေ့ပြောင်း မြန်မာအလုပ်သမားများမှာ ချင်းရိုင်းခရိုင်အတွင်းမှ အများဆုံး ဖမ်းဆီးရမိခြင်း ဖြစ်ပြီး အများအားဖြင့် ကြုံရာကျဘမ်း အလုပ် ကိုင်နေသူများဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ်တွင်း ထိုင်းနိုင်ငံတွင်းသို့ မြန်မာနိုင်ငံသားများ သွားရောက် အလုပ်လုပ်ကိုင်မှု မြှင့်တက်လာကြောင်းကို ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ ထံမှသိရပြီး ထိုင်းနိုင်ငံတွင် အလုပ်သမားကဒ်အား အလုပ်ရှင် သူဌေးများမှ လုပ်ပေးကြောင်း နှင့် တစ်ချို့သော အလုပ်သမားများမှာ အထောက်အထား စုံလင်စွာ မရှိသဖြင့် အလုပ်သမားကဒ်နှင့် Passportများ လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း သိရသည်။
“တစ်ချို့လုပ်ငန်းရှင် သူဌေးတွေက အလုပ်သမားကဒ် မရှိရင် လုပ်ခကို ဈေးပေါပေါနဲ့ ခိုင်းလို့ရတဲ့အတွက် လုပ်မပေးတာ၊ ကျွန်တော်တို့ အနေနဲ့တော့ တရားဝင်ကဒ်ရှိရင် အလုပ်လုပ်ရတာလည်း အဆင်ပြေပြီး ကဒ်မရှိတော့ ခိုးကြောင် ခိုးဝှက်နဲ့ ယူနီဖောင်းမြင်တိုင်း ကြောက်နေရတာ”ဟု ဘန်ကောက်မြို့မှ ရွှေ့ပြောင်း မြန်မာ အလုပ်သမား တစ်ဦးမှပြောသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော အလုပ်သမားများအား အလုပ်ရှင် သူဌေးများ အနေဖြင့် တရားဝင် အလုပ်သမားကဒ်များ ပြုလုပ်ပေးရန် ထိုင်းနိုင်ငံ အစိုးရမှ တရားဝင်ထုတ်ပြန်ထားကြောင်း သိရသည်။