လွန်ခဲ့သည့် ၁၉၈၂ ခုနှစ်က အရန်မီးသတ်တပ်ဖွဲ့အဖြစ် စတင် သန္ဓေတည်မွေးဖွားခဲ့သည့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်းအား ယခုအခါ နိုင်ငံတော်အစိုးရ၏ အစီအမံဖြင့် ခေတ်မီ(၅)ယူနစ် မီးသတ်စခန်း အဆင့်သို့ တိုးမြှင့်လိုက်ပြီဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့သာယာလှပရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ၁၉၈၂ခုနှစ်တွင် အချိန်ပြည့် အရန် မီးသတ်တပ်ဖွဲ့ဝင် (၁၅)ဦး ၊ တိုယိုတာ အမျိုးအစား မီးသတ်ယာဉ်တစ်စီးတို့ဖြင့် တာလော့ရပ်ကွက် သရဖီလမ်းတွင် မီးသတ်ဌာနအား စတင် တည်ထောင်ဖွဲ့စည်းခဲ့ကာ မြို့သာယာလှပရေးကော်မတီ ဥက္ကဌ ဦးကြင်ယုမှ အနီးကပ်ကြီးကြပ်ကာ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်အတူ လူမှုရေး လုပ်ငန်းများကိုပါ စေတနာ့ ၀န်ထမ်းဆောင်ရွက် ပေးခဲ့ကြပြီး ၁၉၈၉ခုနှစ်တွင် တာလော့ရပ်ကွက် (ယခု-မြန်မာ့လေကြောင်းရုံးနေရာ)သို့ ပြောင်းရွှေ့ခဲ့သည်။
ထိုမှတဖန် ဆန်ဆိုင်း(ခ)ရပ်ကွက် ရှမ်းရိုးမကုန်တိုက်ဘေး ( ယခု Relax စားသောက်ဆိုင် နေရာသို့ ၁၉၉၂ခုနှစ်တွင် ပြောင်းရွှေ့ခဲ့ကာ သန္ဓေမီးသတ်တပ်ဖွဲ့စခန်း အဆင့်သို့ တိုးမြှင့် ဖွဲ့စည်း နိုင်ခဲ့ပြီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၇)ဦး ၊ ကိုယ့်အားကိုယ်ကိုး မီးသတ်တပ်ဖွဲ့ဝင် (၅)ဦး ၊ မီးသတ်ယာဉ် (၂) စီးဖြင့် မီးသတ်လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် (၃)ယူနစ် မီးသတ်စခန်းအဖြစ် ထပ်မံ အဆင့်တိုးမြှင့်ခဲ့ကာ မီးသတ်ယာဉ် (၃)စီး ၊ တပ်ဖွဲ့ဝင် (၉)ဦးဖြင့် ယခုလက်ရှိ ဆန်ဆိုင်း(ခ)ရပ်ကွက် အားကစားရုံလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။
၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း တစ်ထောင်ခြောက်ရာကိုးဆယ် ဖြင့် ၆၅ ပေ × ၅၂ ပေ× ၂၆ ပေ ရှိ ၂ ထပ် မီးသတ် အဆောက်အအုံအား လည်းကောင်း ၊ ကျပ်သိန်း လေးရာ့ငါးဆယ် ဖြင့် ၆၀ပေ × ၃၀ ပေ× ၁၂ ပေ တစ်ထပ် (လူပျိုဆောင်) တို့အား တည်ဆောက်ပေးခဲ့ကာ တပ်ဖွဲ့ဝင် အင်အား (၁၉) ဦး ၊ မီးသတ်ယာဉ် (၅)စီးဖြင့် (၅)ယူနစ် မီးသတ်တပ်ဖွဲ့စခန်းအဆင့်သို့ တိုးမြှင့်ပေးခဲ့သည်။
တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၆ ခုနှစ်တွင် ရဲသူရဘွဲ့ရ (၁)ဦး ၊ ရဲဗလဘွဲ့ရ (၃) ဦး ၊ ရဲကျော်စွာဘွဲ့ရ (၂) ဦး ချီးမြှောက်ခဲ့သည်။
စေတနာ့ဝန်ထမ်း မီးသတ်တပ်ဖွဲ့မှသည် သန္ဓေတပ်ဖွဲ့ စခန်းဆီသို့ စေတနာအရင်းခံကာ အဆင့်ဆင့် တည်ထောင်ခဲ့သည့် တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့စခန်း၏ ခန့်ညားထည် ၀ါလှသော (၅)ယူနစ် မီးသတ်စခန်းသစ်ကြီးအား မကြာမီတွင် ကျရောက်တော့မည့် (၆၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့တွင် စတင် ဖွင့်လှစ်တော့မည်ဖြစ်ပါကြောင်း ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြု ရေးသားလိုက်ရပါသည်။
ဆောင်းပါး။ ။ မောင်ယဉ်ကျေး
#TachileikOnlineNews
www.tachileik.net ❂⊱