ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပါဟုတ်ကျေးရွာ အနီး၌ ProBox အမျိုးအစား မော်တော်ယာဉ် တစ်စီးမှောက်၍ ဧပြီလ (၂၅)ရက်နေ့ ညနေပိုင်းတွင် အသက်(၇၅)နှစ်အရွယ် အဘွားအိုတစ်ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရသည်။
အသက်(၇၅)နှစ်အရွယ်ရှိ အဘွား ဒေါ်နန်းရှဲန်မွန်းသည် ယာဉ်ရှေ့ခန်းတွင် လိုက်ပါစီးလာသူဖြစ်ပြီး လည်ပင်းပြတ်ရှ ဒဏ်ရာ(၁)ချက်၊ ပေါက်ပြဲဒဏ်ရာ (၁)ချက်ဖြင့် တာချီလိတ် - ကျိုင်းတုံလမ်း၊ တာလေမြို့၊ ပါဟုတ်ကျေးရွာအနီး မိုင်တိုင် အမှတ်(၉၈/၉၉)ကြားတွင် ယာဉ်မတော်တဆ တိမ်းမှောက်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့ရတာဖြစ်ပြီး အမှုအား တာလေမြို့မရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် ဇာနည်ထွန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိပြီး တာလေမြို့မရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၁၅၊ သေမှုသေခင်း ပုဒ်မ ၃၀၄(က)ဖြင့် ယာဉ်မောင်းသူ အိုက်ဖတ်အား အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
“လည်ပင်းကို မှန်ကွဲထိပြီး ဆုံးသွားတာ၊ တာချီလိတ်ကနေ မိုင်းယန်းကို အပြန်မှဖြစ်တာ ဖြစ်ပွားတာကတော့ ညနေပိုင်းလောက်မှာပေါ့၊ ကျန်တဲ့သူတွေတော့ ဒဏ်ရာတွေရထားကြတယ်”ဟု တာလေမြို့ခံတစ်ဦးမှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကားအမျိုးအစားမှာ ProBox ဖြစ်ပြီး ကားပေါ်တွင် လူ(၄)ဦးပါလာရာ တစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာ ရရှိကြောင်း၊ ကျန်ထိခိုက်ဒဏ်ရာ ရရှိသူများအား တာလေမြို့ ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားကြောင်းနှင့် သေဆုံးသူ၏ ဆွေမျိုးများ ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းထံမှ သိရသည်။
သတင်း။ ။ ဇက်(Z)