တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်

တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့မှ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်
ဧပြီ 30, 2015
By Tachileik News Agency

တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် တာချီလိတ်ခရိုင်အတွင်း ဧပြီလ တတိယပတ်မှ စတင်၍ လုံခြုံရေးဆောင်ရွက်လျှက်ရှိပြီး ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း မူးယစ်ဆေးဝါးမှု (၃)မှု ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“နယ်စပ်ဒေသဖြစ်တဲ့ အတွက် သက်ဆိုင်ရာ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်၊ ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ရမယ့်တာဝန်ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တာဝန်ဖြစ်တဲ့အတွက် ရဲလုပ်ငန်းကို ပုံမှန်လုပ်ဆောင်ခြင်းဖြစ်တယ်”ဟု တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှမင်းမှ ယနေ့ ဧပြီလ(၂၉)ရက် ညပိုင်းလှည့်ကင်း မလှည့်လည်မီ အချိန်က ရဲတပ်ဖွဲ့ဝင်များအား ပြောကြားသည်။

“ရပ်ကင်း၊ ၀ပ်ကင်း၊ လှည့်ကင်း အနေနဲ့ ဧပြီလ တတိယပတ်လောက်ကတည်းက စတင် ဆောင်ရွက်နေတာဖြစ်ပါတယ်..”ဟု တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်သန်းမှ ပြောသည်။

တာချီလိတ်ခရိုင်အတွင်း တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးအတွက် တာချီလိတ်မြို့ပေါ်တွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိရာ မူးယစ်ဆေးဝါးမှု(၃)မှု ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် ယနေ့ ဧပြီလ(၂၉)ရက်နေ့ ညပိုင်းတွင် ပိတ်ဆို့ရှာဖွေနေစဉ် ဘိန်းဖြူဟုယူဆရသော မူးယစ်ဆေးဝါး အနည်းငယ်အား ဖမ်းဆီး သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းထံမှ သိရသည်။

တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် တာချီလိတ်ခရိုင်အတွင်းရှိ မြို့များတွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး မှုခင်းလျော့ပါးရေးအတွက် အထူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

တာချီလိတ်မြို့ပေါ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ နယ်မြေခံပြည်သူ့စစ်များနှင့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မှုခင်းကျဆင်းရေး အတွက် ဧပြီလ တတိယပတ်မှစတင်၍ ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ပူးပေါင်းအဖွဲ့တွင် လူအင်အား (၉၆)ယောက် ပါဝင်ပြီး သက်ဆိုင်ရာ ရပ်ကွက်များ၌ ဧည့်စာရင်း စစ်ဆေးခြင်း၊ ပိတ်ဆို့ရှာဖွေခြင်း၊ လှည့်ကင်း၊ ရပ်ကင်း၊ ၀ပ်ကင်းများ ဆောင်ရွက်လျှက်ရှိကြောင်း တာချီလိတ်ရဲတပ်ဖွဲ့မှ သိရသည်။

ပုံများကိုကြည့်ရန်
တရားဥပဒေ စိုးမိုးရေးနှင့် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက်........

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  

~~~~~~~~ကြော်ငြာ ~~~~~~~