ကျွန်တော်တွေ့ရ ချာတိတ်တွေများ အိပ်ယာနိုးထ ဖြစ်ပုံများက..
Facebook နဲ့မျက်နှာသစ်
Viber နဲ့ သွားတိုက်
Wechat နဲ့ ပါးလုတ်ကျင်း
Tango နဲ့ မျက်နှာသုတ်
Lineနဲ့ အ၀တ်လဲ
Twitter နဲ့ နံနက်စာစား
Youtube နဲ့ အလုပ် ကိုသွား...
ဟိုလုပ် ဒီလုပ် ခဏတဖြုတ် အွန်လိုင်းပေါ်တက် အတင်းတုတ်၊ သူဋ္ဌေး အကြောင်း၊ သူဋ္ဌေးမ အကြောင်း၊ မန်နေဂျာ အကြောင်း၊ စာရေးမ အကြောင်း၊ လစာအကြောင်း၊ စားစရာအကြောင်း၊ သောက်စရာ အကြောင်း၊ ဘာသာရေးအကြောင်း၊ နိုင်ငံရေးအကြောင်း၊ စစ်သားအကြောင်း၊ ကျောင်းသားအကြောင်း၊အမျိုးချစ်ကြောင်း၊ သာသနာချစ်ကြောင်း၊ လှူဒါန်းခဲ့ကြောင်း၊ စွန့်ကြဲခဲ့ကြောင်း၊ သား အကြောင်း၊ သမီး အကြောင်း၊ ဘိုးတော် အကြောင်း၊ ဘွားတော် အကြောင်း...
အသဲကွဲ ဝမ်းနည်းကြောင်း၊ အိပ်မပျော်ကြောင်း၊ ပျော်ရွှင်ခဲ့ရကြောင်း၊ နေပူ မိုးရွာ ချမ်းအေးကြောင်းနှင့် မီးမလာကြောင်း၊ မီးလာကြောင်း အကြောင်းစုံ ရေးတင်၊ တွေ့မြင်သမျှ အငြိမ်မနေရ ကွန်မန့်ဝင်ရေး၊ ဆဲရေးတိုင်းထွာ မောတဲ့အခါ (Chatting) ထဲဝင်( Hi)ဆိုကာ ဗိုလ်လို နှုတ်ဆက် (မင်္ဂလာပါ)
ရွှေမြန်မာလို တစ်မျိုး မင်္ဂလာပါ နဲ့ ပြန်လည်(Hi)ကြ...
ဘာလုပ်နေလဲ ဘယ်ရောက်နေလဲ၊ နေကောင်းသလား၊ စားပြီးပြီလား၊ ခင်ချင်ပါတယ်၊ နာမည်မေးမယ်၊ မိတ်ဖွဲ့ကာရယ်၊ ရည်စားရှိလား အိမ်ထောင်ရှိလား၊ ဘာအလုပ် လုပ်လဲ..၊ ဘယ်မှာနေလဲ၊ သန်းခေါင်စာရင်းကောက်နေသလားပဲ၊ ထောကြောင်း ချောကြောင်း၊ သဘောကောင်း၊ အပြောကောင်း၊ ချစ်သူအကြောင်း၊ မုန်းသူ အကြောင်း ပွတ်ကောင်းကောင်းနဲ့ ပွတ်လိုက်ကြတာ...
နေလည်းစောင်းရော.. တံခါးပိတ်သံ ဂျိမ်းကနဲ ကြားမှ ပျာပျာသလဲ ဘိုင့်ဘိုင့် နှုတ်ဆက် အပွတ်မပျက် ဖြေးဖြေးမောင်းနော် ဆိုင်ကယ်နှင့်ကား အပြန်အလှန် မှာတမ်းခြွေတာ မရပ်သေးပါ ဒုတိယမ္ပိ ဘိုင့်ဘိုင် လုပ်ရင်း မှာတမ်းခြွေတာ မပြီးကြသေးပါ ၊ စောစောရေချိုး သဝေထိုးခါ အပြင်မသွားဖို့ ဆက်တိုက်မှာရင်း အိမ်ရှေ့ရောက်လာ တတိယမ္ပိ ဘိုင့်ဘိုင်တွေလုပ် လေလှိုင်းပေါ်မှာ အာဘွားတွေလုပ် အိမ်အဝင်ဝက အမေဆူမှ ကျူ ခြင်းရပ်ကြ အဲ့ဒါ ယနေ့ ခေတ်ကာလ သားသမီးတွေဗျ....
အိပ်ခန်းဝင်ကာ ရေမိုးချိုးပြီး အမေချက်ထား ထမင်းဟင်းအား အဆင်သင့်စားကာ အလုပ်ထဲမှာ ပင်ပန်းလာလို့ စောစောအိပ်မယ် အမေရယ် GoodNight ဆိုကာ နှုတ်ဆက် စကားပြောရင်းနဲ့ပဲ အိပ်ခန်းဝင်သွား အမေကလည်း ဧည့်ခန်းထဲသွား တီဗီဖန်သားပြင်မှာ မြင်လိုက်ရတာက ကိုးရီးယားကား...
အိပ်ခန်းထဲရောက် အွန်လိုင်းပေါ်တက်(chat)ပြန်ပြီဗျာ...
Line မှာ အရင် chat (Viber Wechat ) Facebook မှာ Chat တစ်ယောက်ထဲနဲ့
လက်မလည်အောင် Chat ပွတ်နေကျလက်ဆ အလွတ်ရထားတဲ့ ချစ်သူခမျာ ပွတ်စာရောက်တာ နောက်ကျသည့် အခါ ပြဿနာတွေရှာ လိုင်းမကောင်းလို့ပါ ဘာဘာ ညာညာ အကြောင်းပြလာ..
MPT နဲ့ DTAC အဝိုင်းလေးက လည်နေသတဲ့.... Wifi ကစုတ် ရှိသမျှဂုဏ်ပုဒ် မဟုတ်တရုတ် အကုန်ဖော်ထုတ် ရှုပ်ထုတ်ဇာတ်ကြောင်း ဖောရှောကောင်းလည်း Password တွေတောင်း မှင်ကောင်းကောင်းနှင့် ဘာသဘောလဲ၊ လူကို မယုံတာလား လူ့အခွင့်အရေးတွေ ချိုးဖောက်တာလား
ဇာတ်လမ်းတွေရှုပ် ဒီလိုနဲ့ပဲ မိုးတွေလည်းချုပ်၊ အိပ်ရေးကပျက် ဒေါသတွေထွက် မျက်ရည် စက်လက် Facebook ပေါ်တက် Account ကို Hack ဒေါသပိုထွက် ပေါက်ကွဲပွတ်လက်၊ ရင်ဖွင့်ပြန်သတဲ့ ဒီလိုနဲ့ပဲ အိပ်စက်ကြတဲ့ ကျုပ်တို့မျိုးဆက် နေ့တွေလည်းဆက် မျက်တွင်းဟောက်ပက်၊ အားအင်တွေလည်း ချိနဲနဲ..
အားတဲ့ အချိန်လေး ဈေးထဲဝင်သွား တန်းတွေ့တယ်ဗျာ ဈေးဝယ်သူက ပွတ်ရင်းဈေးမေး ဈေးရောင်သူက ပွတ်ရင်းပြန်ဖြေ ရောင်းသ၊ ၀ယ်သူ အပွတ်တူတာ ယနေ့ ခေတ်ပါ...
ဘေးနားဆိုင်မှာ ခေါက်ဆွဲဝင်စား မိန်းကလေးများစွာ တန်းစီစားရင်း ပွတ်နေကြတာ ဈေးလမ်းတလျှောက် အကြည့်ကရောက် ပွတ်ရင်းလမ်းလျှောက် ကောင်လေးတစ်ယောက် ဖိနပ်တက်နင်း လန့်ပြီးထအော် ရှေ့ကဘွားတော် အမလေးတော် ဘွားတော်ထပ်အော် ပွတ်ကောင်လေးက နောက်ဖိနပ်တစ်ဖက် ထပ်နင်းတယ်တော်..
(ပူပူနွေးနွေး ဖြစ်စဉ်လေးပါ)
ကော်ဖီဆိုင်သွား မိတ်ဆွေများနဲ့ တွေ့ရပြန်တာ COC Game တပ်ဖွဲ့ထိန်းပြီး ပွတ်လိုက်ကြတာ အလုပ်တွေလည်း ပြုတ်တဲ့အထိပါ၊ ခြောက်ရက်တိတိ မအိပ်မစား အသက်ပါသွားအောင် ပွတ်ဂိမ်းကစားတာ တရုတ်ပြည်မှာ ဖြစ်ခဲ့တာပါ..
တစ်ဝိုင်းကျော်က ချစ်သူစုံတွဲ နှစ်ယောက်ထဲတောင် ငြိမ်သက်စွာနဲ့ ဖုန်းများကိုယ်စီ ပွတ်နေပြန်ပြီ ကြောက်စရာရောဂါ စွဲကပ်လာတာ ညမှောင်မှောင်မှာ ကတုံးပြောင်ပြောင်နဲ့ လိုက်ပွတ်နေတဲ့ ပြည်မြို့က ပွတ်ကောင်ထက်တောင် ပိုဆိုးနေတာ မိသားစုနဲ့ မိတ်ဆွေအပေါင်းသင်း ချစ်သူ အချင်းချင်း နီးနီးကပ်ကပ် ရှိနေပါလျက် စကားသံမထွက် တိတ်ဆိတ်ငြိမ်သက် ပွတ်နေကြတဲ့ ယနေ့ခေတ်ဟာ အထီးကျန်ဆန်တဲ့ နည်းပညာ ခေတ်လား၊ တိုးတက်ခြင်းလား၊ ခေတ်မီခြင်းလား၊ အဆိုးထွက်ခါ အကျိုးပျက်မလား ပွတ်ခြင်းရောဂါ စွဲကပ်ခြင်းဟာ စိတ်ကြွဆေးထက် ကြောက်စရာကောင်းလာ မျိုးဆက်များရဲ့ အနာဂတ်အတွက် စဉ်းစားရတာ ခေါင်းတွေလည်း ချာချာလည်လာ..
ပွတ်တော့ပွတ်ပါ Chat တော့ Chatပါ အချိန်လေးများ သတ်မှတ်ပြီးတော့ ပွတ်ပါ(Chat)ပါ
အစွန်းရောက်ရင် အစွန်ရောက်ကာ ပြုတ်ကျနိုင်တဲ့ ချောက်ကမ်းပါးနား ရောက်နေပြီဆိုတာ
သတိလေးတော့ ထားစေချင်တာ...
သတိမထားဘဲ ဒီပုံအတိုင်းသာ ဆက်သွားပါက ၂၀၁၅ မှာ ဘယ်မင်းတက်တက် အနာဂတ်မျိုးဆက် တိုးတက်ဖို့ထက် ထိုးထွက်ဖို့ခက်တဲ့ ကျုပ်တို့တိုင်းပြည်အတွက် ရင်လေးပါရဲ့....
တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါခင်ဗျာ၊ ခေတ်ကလေးတွေရဲ့ အချစ်ရေးတွေနဲ့ တကယ့် အဖြစ်အပျက်လေးတွေကို ကြားရမြင်ရ ပြောပြသမျှ ရေးပြလိုက်ရတာပါ....
#TachileikOnlineNews
www.tachileik.net ❂⊱