မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲပြီး ဒဏ်ရာ ရရှိသူ(၇)ဦးအနက် (၁)ဦးမှာ ဆေးကုသမှုခံယူရင်း သေဆုံး

မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပြိုလဲပြီး ဒဏ်ရာ ရရှိသူ(၇)ဦးအနက် (၁)ဦးမှာ ဆေးကုသမှုခံယူရင်း သေဆုံး
ဧပြီ 19, 2015
By Tachileik News Agency

ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၁၉)ရက် (၁၄:၃၀)နာရီ အချိန်ခန့်က တာချီလိတ်မြို့တွင် မိုးနှင့်အတူ  လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း နှင့်  ဟွေလေလန်ကျေးရွာတို့၌ သစ်ပင်၊ သစ်ကိုင်း ကျိုးကျ ပြိုလဲမှုများအပြင်  ဓါတ်တိုင်ကျိုးမှုများ ဖြစ်ပေါ်ခဲ့ပြီး သစ်ပင် သစ်ကိုင်းကျိုးမှုကြောင့် ဒဏ်ရာ ရရှိသူ (၇)ဦး အနက်(၁)ဦးမှာ ပြင်းထန်သော ဦးခေါင်းဒဏ်ရာကြောင့် မယ်ဆိုင်ဆေးရုံတွင် ဆေးကုသမှု ခံယူရင်း ညနေပိုင်းမှာပင် ကွယ်လွန်သွားခဲ့သည်။

ဖြစ်စဉ်မှာ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဟွေလေလန် ဘုန်းကြီးကျောင်းရှေ့ရှိ နှစ် (၁၀၀)ကျော်ခန့် ကြာပြီဖြစ်သော သစ်ပင်ကြီးသည် လေပြင်းတိုက်ခတ်မှုကြောင့် အနီးရှိ ဦးအိုက်တွီး ၏ ဆိုင်ကယ်ပြင်ဆိုင် နှင့် နေအိမ်(၁)ထပ် အဆောက်အဦပေါ်သို့ ကျိုးပဲ့ပြိုလဲလာမှုကြောင့် ဆိုင်ကယ်ပြင်ဆိုင်တွင် ဆိုင်ကယ် လာရောက် ပြင်ဆင်နေသော အမျိုးသား (၇)ဦးအနက် (၁)ဦးမှာ ပြင်းထန်သော ဦးခေါင်း ဒဏ်ရာဖြင့် မယ်ဆိုင်ဆေးရုံ၌ ဆေးကုသမှု ခံယူရင်း သေဆုံးခဲ့ပြီး ကျန်(၆)ဦးမှာ စိုးရိမ်ရသည့် ဒဏ်ရာများနှင့် မစိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖြစ် သွားရောက်ဆောင်ရွက်ခဲ့သည့် တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဆိုင်ကယ်ပြင်ဆိုင်တွင် ရှိနေသူ အမျိုးသား(၇)ဦးတွင် အိုက်ကျိုင်းလုံ၊ အိုက်ညမ်း နှင့် အိုက်ကျောက်တို့မှာ မစိုးရိမ်ရသည့် ဒဏ်ရာ ရရှိခဲ့ပြီး အိုက်ဆုန်ဖွန်း၊ အိုက်ဖစ် နှင့် အိုက်ကျိုင်းသံ အပြင် အိုက်လတ်တို့မှာ စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိထားရာမှ အသက်(၁၆)နှစ်ရှိ အိုက်လတ်သည် တာချီလိတ်ဆေးရုံကြီးမှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူရင်း ယနေ့ ညနေပိုင်းမှာပင် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။

"စိုးရိမ်ရတဲ့ ကောင်လေး(၃)ယောက်ကို ကျွန်တော်တို့ အသင်းက အမြန်ဆုံးပဲ တာချီလိတ်ဆေးရုံကြီးကနေ မယ်ဆိုင်ဆေးရုံကို ပို့ပေးခဲ့ပေမဲ့ တအောင့်လောက်နေတော့ တစ်ယောက်သေသွားလို့ ဒီဖက်ကို ပြန်သယ်ဖို့အတွက် ဆက်သွယ်လာတာနဲ့ အလောင်းကို ပြန်သယ်ဖို့အတွက် လုပ်နေပါတယ်..."ဟု နာရေးကူညီမှုနှင့် ပတ်သက်၍ တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖြစ်ပွားရာနေရာသို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ တာချီလိတ်မြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မဇ္ဈိမလူမှုကူညီရေးအသင်း၊ တာချီလိတ်နာရေးကူညီမှုအသင်း စသည့် လူမှုရေးအသင်းအဖွဲ့များ နှင့် ရွာသူရွာသားများမှ စုပေါင်းကာ သစ်ပင်ကျိုးကျပြိုလဲမှုကြောင့် ပျက်စီးသွားသည့် နေအိမ်နှင့် သစ်ပင်များအား ရှင်းလင်းစေခဲ့ကြောင်းသိရသည်။

တာချီလိတ်တွင် (၁၄:၃၀)နာရီ အချိန်ခန့်က စ၍ မိုးနှင့်အတူ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခြင်းကြောင့် ဆန်ဆိုင်း(က)ရပ်ကွက် အတွင်း၌ ဓါတ်မီးတိုင်ကျိုးခြင်း၊ သစ်ကိုင်းကျိုးခြင်းများ ဖြစ်ပွားခဲ့ပြီး၊မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုအတွင်း၌ ဓါတ်မီးတိုင်များ၊ သစ်ကိုင်း၊ သစ်ပင်များ ကျိုးကျ ပြိုလဲမှုများ ဖြစ်ပေါ်ခဲ့သည့် နည်းတူ တာချီလိတ်မြို့နှင့် နီးစပ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်လည်း ဓါတ်မီးတိုင်များ ကျိုးကျခြင်း သစ်ပင် ပြိုလဲခြင်းများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။

 #TachileikNewsAgency
#TachileikOnlineNews
www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~