၂၀၁၅ခုနှစ် မေလ(၁)ရက်နေ့မှ စတင်၍ တာချီလိတ်မြို့ရှိ ဟိုတယ်နှင့် စားသောက်ကုန် လုပ်ငန်းရှင်များ အားလုံး စားသုံးသူများထံမှ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံရာတွင် အခွန်တံဆိပ်ခေါင်းအား ပြေစာများတွင် ကပ်နှိပ်ပေးရမည့် ကိစ္စနှင့် ပတ်သက်၍ ဟိုတယ်နှင့်စားသောက်ကုန် လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံ ရှင်းလင်းပြောကြား ဆွေးနွေးမှုအဖြစ် ယနေ့ ၂၀၁၅ခုနှစ် ဧပြီလ(၂၄)ရက် နံနက်ပိုင်း တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
“ပြေစာတွေမှာ လုပ်ငန်းရှင်တွေက အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ပေးခြင်း မရှိရင် စားသုံးသူတွေက သက်ဆိုင်ရာ အခွန်ဦးစီးဌာနမှာ လာရောက်တိုင်တန်း နိုင်ပါတယ်”ဟု အခွန်ဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီနိုင်မှက ယင်းတွေ့ဆုံပွဲတွင် ပြောသည်။
စားသုံးသူများ လာရောက်တိုင်တန်းပါက နိုင်ငံတော်မှ အခွန်ကျသင့်ငွေ၏ (၁၀%)နှုန်းအား ချီးမြှင့်ငွေအဖြစ် ပြန်လည်ပေးအပ်မည်ဖြစ်ပြီး လုပ်ငန်းရှင်အား အခွန်ဥပဒေအရ အရေးယူဆောင်ရွက်၍ ဒဏ်ရိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းကို တွေ့ဆုံပွဲသို့ တက်ရောက်လာသူ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များအား ၎င်းမှ ဆက်လက် ရှင်းပြသည်။
ကုန်သွယ်လုပ်ငန်းခွန်အား လုပ်ငန်းရှင်များမှ လစဉ်ပေးဆောင်နေကြပြီ ဖြစ်သော်လည်း အခွန်တံဆိပ် ကပ်နှိပ်၍ အခွန်ကောက်ခံခြင်းသည် စားသုံးသူများမှ နိုင်ငံတော်အပေါ် ပွင့်လင်းမြင်သာသည့် အခွန်ထမ်းဆောင်မှုများ ဖြစ်ပေါ်စေကြောင်း အခွန်ဦးစီးဌာနမှ သိရသည်။
“ယခင်ကတော့ ကုန်သွယ်လုပ်ငန်းခွန်ဆိုတာ ကျွန်တော်တို့ စားသုံးကုန်ပစ္စည်းပေါ်မှာ အကျိုးအမြတ်တင်ပြီး ရောင်းချထားတယ်ဆိုတာ သိတယ် အခုကျတော့ အခွန်တံဆိပ်ခေါင်းဖိုး ထပ်ပေးရမယ် ဆိုတော့ လုပ်ငန်းရှင်တွေ ပွင့်လင်းမြင်သာဖို့လိုတယ်၊ မဟုတ်ရင် စားသုံးသူတွေနဲ့ ပြဿနာဖြစ်နိုင်တယ်”ဟု ဒေသခံ တစ်ဦးမှပြောသည်။
ကုန်ပစ္စည်း၏ မူလတန်ဖိုး အပေါ်တွင် အမြတ်နှင့် အခွန်နှုန်းထားများ တွက်ချက်ကာ လုပ်ငန်းရှင်များမှ ရောင်းချခြင်းဖြစ်ကြောင်း၊ ယခု အခွန်တံဆိပ်ခေါင်းအား ကပ်နှိပ်ပါက လုပ်ငန်းရှင်များ အကျိုးအမြတ်သာ ကုန်ပစ္စည်းပေါ်တွင် ထည့်သွင်းရမည်ဖြစ်ပြီး အခွန်ခအား ထည့်သွင်း တွက်ချက်ရတော့မည် မဟုတ်ကြောင်း နှင့် ကုန်ပစ္စည်း၏ ပုံမှန်ရောင်းနေကျ တန်ဖိုးထက် လျှော့ကျရမည်ဖြစ်ပြီး ကုန်ပစ္စည်း တန်ဖိုးလျှော့ကျခြင်း မရှိပါက စားသုံးသူအား အခွန်(၂)ဆ ပေးဆောင်ခိုင်းခြင်းသာ ဖြစ်ကြောင်း စားသုံးသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကုန်သွယ်လုပ်ငန်းခွန် (၅%)အား ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင် အကောင်အထည်ဖော် ကျင့်သုံးခဲ့ပြီဖြစ်ပြီး အခွန်အမျိုးအစား (၃)မျိုးအနက် ကုန်သွယ်ခွန်၊ ၀င်ငွေခွန်သာ ရှိ၍ အမြတ်ခွန်အား ဥပဒေအတွင်းမှ ပယ်ဖျက်ပြီးဖြစ်ကြောင်း၊ အခွန်တံဆိပ် ကပ်နှိပ်ခြင်းအား လုပ်ငန်းရှင်များမှ ပျက်ကွက်ပါက ပြစ်မှု ပြစ်ဒဏ်အနေဖြင့် ပထမအကြိမ် ကျပ်ငွေ(၂)သိန်း၊ ဒုတိယ(၅)သိန်း၊ တတိယ (၁၀)သိန်း စသည့် ဒဏ်ငွေများ သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ အခွန်တံဆိပ်ခေါင်း (၇)မျိုးရှိပြီး (၅၀)ကျပ်တန်၊ (၁၀၀)ကျပ်တန်၊ (၂၀၀)ကျပ်တန်၊ (၅၀၀)ကျပ်တန်၊ (၁၀၀၀)ကျပ်တန်၊ (၅၀၀၀)ကျပ်တန်၊ (၁၀၀၀၀)ကျပ်တန်တို့ဖြစ်ကာ စားသုံးသူများ၏ ပြေစာပေါ်တွင် ကျသင့်ငွေ၏ ရာခိုင်နှုန်းအလိုက် အခွန် တံဆိပ်ခေါင်းများ ကပ်နှိပ်ပေးရမည်ဖြစ်ကြောင်း နှင့် တာချီလိတ်မြို့သည် နိုင်ငံခြားငွေ သုံးစွဲသည့် မြို့ဖြစ်ပြီး တရားဝင် သုံးစွဲသည့်မြို့မဟုတ်သည့်အတွက် ထိုင်းဘတ်ငွေအား ကျသင့်ငွေအလိုက် တွက်ချက်ကာ အခွန်တံဆိပ်ခေါင်း ကပ်နှိပ်ပေးရမည် ဖြစ်ကြောင်း အခွန်ဦးစီးဌာနမှ သိရသည်။
ဟိုတယ်နှင့် စားသောက်ကုန် လုပ်ငန်းရှင်များအား စားသုံးသူများထံမှ ကုန်သွယ်ခွန်ကောက်ခံရာတွင် အခွန်တံဆိပ်ခေါင်းကို ပြေစာများတွင် ကပ်နှိပ်ပေးရမည့် ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီနိုင်မှ တွေ့ဆုံရှင်းလင်း ရာတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း အပါအ၀င် တာချီလိတ်မြို့ပေါ်ရှိ ဟိုတယ်နှင့်စားသောက်ကုန်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြတာကို တွေ့ရှိရသည်။