ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်မြို့တွင် ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းက မော်တော်ဆိုင်ကယ် အချင်းချင်း အရှိန်ပြင်းစွာ မတော်တဆ တိုက်မိရာမှ လူနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အမည်မသိ အမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့ မိုင်းကိုးကျေးရွာအုပ်စု၊ ဆန်ဆိုင်းရွာလမ်းမ၊ တာချီလိတ် - ကျိုင်းတုံကားလမ်းမပေါ်တွင် ရန်ကုန်ရွာဘက်မှ မယ်ယန်းကျေးရွာဘက်သို့ စိုင်းမောက် မောင်းနှင်ပြီး နန်းကျန်ဖောင်း လိုက်ပါ စီးနှင်းလာသည့် မော်တော်ဆိုင်ကယ်သည် ရန်ကုန်ရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လမ်းအလယ်တွင် အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် ၀င်ရောက်တိုက်မိရာမှ ရန်ကုန်ရွာဘက်သို့ မောင်းလာသည့် အမည်နှင့် နေရပ်လိပ်စာ သိရှိရခြင်းမရှိသေးသည့် ခန့်မှန်း အသက်(၄၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦးသည် ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားတာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
"မျက်နှာချင်းဆိုင်ဝင်တိုက်မိတဲ့ နှစ်ယောက်ကိုတော့ တာချီလိတ်ဆေးရုံကနေ ထိုင်းနိုင်ငံ မယ်ဆိုင်ဆေးရုံ အဲ့ကနေ တဆင့် ချင်းရိုင်းဆေးရုံအထိ အချိန်မီ အသင်းသားတွေ လိုက်ပို့ပေးခဲ့ပါတယ်.."ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောပြသည်။
"ပွဲချင်းပြီး သေဆုံးသွားတဲ့ အမျိုးသားကတော့ တာချီလိတ်ကလား၊ ကျိုင်းတုံကလား ဆိုတာ ကျွန်တော်တို့လည်း မသိသေးဘူး၊ နာမည်လည်းမသိဘူး၊ နေရပ်လိပ်စာလည်း မသိသေးဘူး၊အခုလောလောဆယ်တော့ ရင်ခွဲရုံမှာပဲ ထားထားသေးတယ်၊ သူ့ရဲ့ မိသားစုတွေရှိတယ် ဆိုရင်လည်း သိရှိနိုင်ဖို့အတွက် အသင်းရဲ့ ဖုန်းနံပါတ်ဖြစ်တဲ့ မြန်မာဖုန်း ၀၉၃၆၀၇၅၅၀၀ နှင့် ထိုင်းဖုန်း ၀၈၀၈၉၈၉၅၃၅ ကို ဆက်သွယ်နိုင်ပါတယ်.."ဟု ၎င်းမှ ဆက်လက်ပြောသည်။
အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်အား မိမိလမ်းယာဘက်မှ ကပ်၍ မောင်းနှင်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ မောင်းနှင်ပြီး လမ်းအလယ်တည့်တည့်တွင် မျက်နှာချင်းဆိုင် တိုက်မိသူ မော်တော်ဆိုင်ကယ် မောင်းသူ စိုင်းမောင် နှင့် သေဆုံးသွားသူ အမည်မသိ တို့အား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၂၁/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်လှစ်ထားရှိကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။
#TachileikOnlineNews
www.tachileik.net ❂⊱