တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ပန်ဟတ်ရွာ၊ ပန်ဟတ်(အထက)ကျောင်းရှေ့ တာချီလိတ် - ကျိုင်းတုံ ကားလမ်းမကြီးပေါ်တွင် အီတန်ယာဉ် နှင့် ဆိုင်ကယ်တိုက်မိရာမှာ ဆိုင်ကယ်ပေါ်တွင် စီးနှင်းလိုက်ပါလာသူ အမျိုးသားတစ်ဦးမှ ပွဲချင်းပြီး သေဆုံးသွားသည့် ယာဉ်တိုက်မှုတစ်ခု ယနေ့ ၂၀၁၄ခုနှစ် ဒီဇင်ဘာလ (၁၆)ရက် နေ့လယ် (၁၂)နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ အဆိုပါ ကားလမ်းပေါ်တွင် ကျိုင်းတုံဘက်မှ မောင်းနှင်လာသော အီတန်ယာဉ်နှင့် တာချီလိတ်ဘက်မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ် (၂)စီးတို့ တိုက်မိရာ ဆိုင်ကယ်နောက်မှ လိုက်ပါ စီးနှင်းလာသူ အားဆားမှာ ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ် (၂)စီးကို မောင်းနှင်လာသည့် လော်ကာ နှင့် လောဟူတို့နှစ်ဦးမှာ တာချီလိတ်ဆေးရုံ၌ ဆေးကုသမှု ခံယူနေလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ယာဉ်မတော်တဆ တိုက်မှုဖြစ်ပွားပြီး လူသေဆုံးသည့် ကိစ္စနှင့် ပတ်သက်၍ အမှုမှန် ပေါ်ပေါက်စေရေးအတွက် တာချီလိတ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။
သတင်း ။ ။ ကိုဇောင်း