တာချီလိတ်ခရိုင်အတွင်း မြို့/ရပ်ကွက်/ကျေးရွာအုပ်စု စုစုပေါင်း ဘောလုံးအသင်း (၁၉)သင်း ပါဝင်ယှဉ်ပြိုင်ကြသည့် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး (ဖလား) အမျိုးသား ဘောလုံးပြိုင်ပွဲကို တာချီလိတ်မြို့မ အားကစားကွင်းတွင် နိုဝင်ဘာလ (၁၀)ရက်နေ့က စတင်ကျင်းပပြုလုပ်ခဲ့ကြပြီး ယနေ့ ဒီဇင်ဘာလ(၂၃)ရက်နေ့ ညနေပိုင်း အချိန်တွင် ဗိုလ်လုပွဲ နှင့် ဆုပေးပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် နောက်ဆုံး လက်ကျန် နှစ်သင်းဖြစ်သည့် ရန်အောင်မြေရပ်ကွက် ဘောလုံးအသင်း နှင့် ပုန်းထွန်ရပ်ကွက် ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြရာ ပထမပိုင်း (၄၅)မိနစ် အချိန်မှာ နှစ်ဖက် ဂိုးမရှိဖြင့် ဆက်လက်ယှဉ်ပြိုင်နေခဲ့ကြပြီး နောက်ဒုတိယပိုင်းတွင် ရန်အောင်မြေရပ်ကွက် ဘောလုံးအသင်းမှ ပထမဦးဆုံး ဂိုးသွင်းယူခဲ့ပြီးနောက် မိနစ်(၉၀)ပြည့်တွင် နှစ်ဖက်အသင်းတို့မှာ နှစ်ဂိုးစီဖြင့် သရေကျနေသည့်အတွက် အချိန်ပို တစ်ဖက်(၁၀)မိနစ်စီဖြင့် ဆက်လက် ကစားခဲ့ကြရသည်။
အချိန်ပို မိနစ်(၂၀)တိတိ ကစားခဲ့သော်လည်း ဂိုးအရေအတွက်မှာ သရေဖြစ်နေသည့် အတွက် တစ်ဖက်နှင့်တစ်ဖက် ပင်နယ်တီဖြင့် ဆုံးဖြတ်ကြရာ ပုန်းထွန်ရပ်ကွက်မှ (၇)ဂိုး၊ ရန်အောင်မြေမှ (၆)ဂိုးဖြင့် ပုန်းထွန်ရပ်ကွက် ဘောလုံးအသင်းက ပထမဆု ရရှိသွားခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတစ်လျှောက်တွင် ထူးချွန်သည့် အားကစား သမားများနှင့် ပထမ၊ ဒုတိယ ရရှိသည့် အသင်းတို့ကို တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဓါတ်ပုံ ။ ။ ဇောင်းညီ
သတင်း ။ ။ ကိုဇောင်း
ပုံများကိုကြည့်ရန်