မြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လျာထားမှုအပေါ် အိုးအိမ်များ လွတ်ကင်းမှု နည်းပါးခြင်း ရှိမရှိ စစ်ဆေး

မြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လျာထားမှုအပေါ် အိုးအိမ်များ လွတ်ကင်းမှု နည်းပါးခြင်း ရှိမရှိ စစ်ဆေး
နိုဝင်ဘာ 10, 2014
By Tachileik News Agency

တာချီလိတ်မြို့နယ်တွင်း၌ မြို့ရှောင်လမ်းဖောက်လုပ်ခြင်းကိစ္စနှင့် ပတ်သက်၍ လမ်းဖောက်လုပ်ရန် လျာထားမှု သတ်မှတ်ချက်အလိုက် သင်္ကေတအဖြစ် အလံနီများအား ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားမှ စ၍ ရန်အောင်မြေ ရပ်ကွက်(၂)အထိ စိုက်ထူထားရှိပြီးနောက် ယနေ့ ၂၀၁၄ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်သည့် မြို့နယ် စီမံခန့်ခွဲမှုကော်မတီဝင်များမှ သွားရောက်၍ နယ်မြေအနေအထားနှင့် လျာထားမှုအခြေအနေများ၊ မလွတ်ကင်းသည်များကို တတ်နိုင်သမျှ ရှောင်ကွင်းနိုင်ရန်အတွက် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက် ကြည့်ရှုစစ်ဆေးရာတွင် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ပါဝင်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ၊မြို့နယ်အထောက်အကူပြုကော်မတီဝင်များ အပါအ၀င် သက်ဆိုင်ရာ ဌာနများ နှင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးအပြင် ပြည်ခိုင်ဖြိုးပါတီ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ချို့ လိုက်ပါကြကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းအဖွဲ့သည် အလံနီများဖြင့် သတ်မှတ်ထားသည့် နေရာများသို့ သွားရောက်ကာ စိုက်ထူထားရှိသည့် အလံနီနှင့် အနီးတစ်ဝိုက်တွင် အိုးအိမ်များ လွတ်ကင်းနိုင်မှု ရှိမရှိ နှင့် ဘေးအန္တရာယ် ကင်းနိုင်ခြေ ရှိမရှိတို့အပြင် အဓိက အားဖြင့် လျာထားသည့် နေရာနှင့် မလွတ်ကင်းသည့် လူနေအိမ်များ မည်မျှ ရှိသည်ကို သိရှိလို၍ မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြပြီး ယခုလို ကွင်းဆင်းကြည့်ရှု စစ်ဆေးမှု၏ အခြေအနေအား စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အစည်းအဝေးပြုလုပ်သွားမှာဖြစ်ပြီး လျာထားသည့် နေရာများနှင့် မလွတ်မကင်းဖြစ်နေသည့် သက်ဆိုင်ရာ အိမ်ထောင်စုများ အတွက်လည်း ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

လွန်ခဲ့သော ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့က အဆိုပါနေရာတွင် မြို့ရှောင်လမ်း ဖောက်လုပ်ရန် အတွက် သတ်မှတ်သင်္ကေတအဖြစ် အလံတိုင်နီများ စိုက်ထူထားရာမှာ ထိုစဉ်အချိန်က အလံတိုင်၏ ဘေးတစ်ဖက် တစ်ချက်တွင် ပေ(၃၀)စီ ဖြတ်ယူသွားမှာဖြစ်ကြောင်း အသိပေးထားသည့်အတွက်  ဘယ်ညာစုစုပေါင်း ပေ(၆၀)ခန့် ပါသွားမှာဖြစ်ရာ အလံနီနှင့် မလွတ်ကင်းသည့် အိမ်/ခြံ/မြေများကို စာရင်းကောက်ရာ တိုက်အိမ်(၁၇)လုံး၊ ပျဉ်ထောင်အိမ်(၅)လုံး၊ မြေကွက်လပ်(၅)ကွက် နှင့် ပေါ်တော်မူ ဘုန်းကြီးကျောင်းရှိ စေတီနှင့်ကျောင်းနေရာ တ၀က် မလွတ်ကြောင်းကို ယခင်စာရင်းများအရ သိရသည်။

၂၀၁၂ခုနှစ်က မြို့ရှောင်လမ်းအတွက် လမ်းအူကြောင်းအဖြစ် လျာထားခဲ့သော်လည်း လျာထားသည့် အလံတိုင်နှင့် မလွတ်ကင်းသည်က များသည့်အတွက် အကောင်အထည် မဖော်ဖြစ်ခဲ့ဘဲ ယခုအခါမှာ အိမ်ခြေများနှင့် တတ်နိုင်သမျှ လွတ်ကင်းရန်နှင့် ပြည်သူများ ထိခိုက်နစ်နာမှု မများပြားစေရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။  ။ ကိုဇောင်း
ဓါတ်ပုံ ။  ။ စိုးထွန်းနိုင်(ကောင်းဆက်လင်း)

ပုံများကိုကြည့်ရန်
မြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် လျာထားမှုအပေါ် အိုးအိမ်များ......

32 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~