ထိုင်း - မြန်မာနယ်စပ်ဒေသ တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်နှင့် (၁၄)မိုင်ခန့် အကွာအဝေးရှိ မိုင်းဟဲကျေးရွာ အုပ်စုတွင် ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး စီမံကိန်းနှင့် ပတ်သက်၍ တတိယအကြိမ်မြောက်အဖြစ် ဒေသခံ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ စသည့် ပြည်သူများနှင့် သက်ဆိုင်ရာတို့ တွေ့ဆုံရှင်းလင်းမှု တစ်ရပ်ကို ယနေ့ ၂၀၁၄ခုနှစ် အောက်တိုဘာလ(၁၄)ရက် နံနက်(၉)နာရီမှ နေ့လယ်(၁၂း၂၂)နာရီ အချိန်ထိ တာချီလိတ်မြို့နယ်၊ အောင်မြတ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ် လျှပ်စစ်ဝန်ကြီးမှ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး
ဦးစိုင်းထွန်းရင်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် သက်ဆိုင်ရာ ခရိုင်မြို့နယ် ဌာနဆိုင်ရာများ အပါအ၀င် မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ MD ဦးမောင်မောင် (ခ) ဦးစိုင်းဝန်းပန် နှင့် ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မိုင်းဟဲ(အောက်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလူး နှင့် ရွာသူရွာသား ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ စသည်ဖြင့် စုစုပေါင်း (၁၂၀)ခန့် တက်ရောက်၍ ဆွေးနွေးကြသည်။
ယခု ကျင်းပပြုလုပ်သည့် အခမ်းအနားနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်နှင့် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေတို့က အဖွင့် အမှာစကားများ ပြောကြားပြီး၊ မင်းခေတ်သစ်ကုမ္ပဏီလီမိတက်မှ အမှုဆောင် အင်ဂျင်နီယာ ဦးလှသွင်က စီမံကိန်းဆိုင်ရာ အချက်အလက်များအား ရှင်းလင်းပြောကြားကာ Resource And Environment Myanmar Ltd , Senior Consultant ဒေါ်ခင်ဥမ္မာထွေး မှ လက်ရှိ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် လေ့လာ စိစစ်ချက်များအား ရှင်းလင်းတင်ပြပြီး အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောလွင်က သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျှော့ချခြင်း စနစ်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက စက်ရုံတည်ဆောက်ရာတွင် ကြုံတွေ့ရနိုင်သည့် အားသာချက်၊ အားနည်းချက်များ၊ သဘာဝ ရေ-လေ-မြေ သယံဇာတများ ထိခိုက်ပျက်စီးနိုင်မှုနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာများ၊ စက်ရုံတည်ဆောက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဂေဟစနစ် ထိခိုက်ပျက်စီးနိုင်မှု အခြေအနေများ၊ စွန့်ပစ်ပစ္စည်းများ ထိန်းသိမ်းမှုနှင့် လေထု ညစ်ညမ်းနိုင်မည့် အခြေအနေများ၊ ဒေသခံပြည်သူများအား အလုပ်အကိုင် ဖန်တီးပေးနိုင်မည့် အခြေအနေများအား အသေးစိတ် ဆွေးနွေး မေးမြန်းကြရာ ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် နှင့် ကျွမ်းကျင်ပညာရှင်များမှ ပြန်လည်ဖြေကြားခဲ့ကြသည်။
တာချီလိတ်ဒေသတွင် အဆိုပါ စက်ရုံတည်ဆောက်ပါက ဒေသခံပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်း မည်မျှပေးနိုင်ခြင်း ရှိမရှိကို မီဒီယာအနေဖြင့် ဦးမောင်ကြည်မှ မေးမြန်းရာ မင်းခေတ်သစ် ကုမ္ပဏီလီမိတက်မှ အမှုဆောင် အင်ဂျင်နီယာ ဦးလှသွင်က "ကျွန်တော်တို့ စက်ရုံ တည်ဆောက်ခြင်းအားဖြင့် ဒေသခံတွေမှာရော အလုပ်အကိုင် ရရှိမှာဖြစ်ပြီးတော့ ကျောက်မီးသွေး စက်ရုံနဲ့ နည်းပညာတွေကိုလည်း ကျွန်တော်တို့ ရရှိမှာဖြစ်ပါတယ်"ဟု ပြန်လည်ဖြေကြားသည်။
ထိုသို့ ဖြေကြားမှုအပေါ် ပြည်နယ်လျှပ်စစ်ဝန်ကြီး က "စက်ရုံဆောက်တဲ့ အခါကြရင် ခန့်တဲ့အလုပ်သမား ပညာရှင်က လွဲရင် ကျန်တဲ့ဟာ အားလုံးသည် တာချီလိတ်မြို့နယ် မြို့ခံဒေသ ပြည်သူများကိုသာ ခန့်ထားရမယ် ဆိုတာကို ကျွန်တော် သိရပါတယ်။ တကယ်လို့များ သူတို့ စက်ရုံဆောက်တဲ့ အခါကျရင် ဒေသခံပြည်သူများ၊ လုပ်သားပြည်သူများကို မခိုင်းဘူးဆိုရင် ကျွန်တော့်ကို တိုင်ကြားလို့ရပါတယ်.. "ဟု ဖြည့်စွက်ပြောကြားသည်။
ထို့နောက် မောတွီရွာနေ လားဟူတိုင်းရင်းသား ဦးချမ်းမြက "ဒီ Power Plant တည်ဆောက်ပြီးမယ့် စက်ရုံမှ လေထုညစ်ညမ်းမှု အားကို လျှော့ချပေးနိုင်ပါ သလား၊ တကယ်လို့ လျှော့ချပေးနိုင်တယ် ဆိုရင် ဘယ်လောက် အတိုင်းအတာအထိ လျှော့ချပေးနိုင်လဲ၊ တစ်ဖက်နိုင်ငံမှာ သွားပြီးတော့ မိန်းမော Power Plant စက်ရုံမှာ သွားရောက် လေ့လာခဲ့ကြောင်း သိရပါတယ်၊ အဲ့ဒီလေ့လာရေးခရီးသည် ကျွန်တော်တို့ အများပြည်သူလူထုအတွက် သွားရောက်လေ့လာ သလား၊ ဒါမှမဟုတ် အများပြည်သူရဲ့ လိုအပ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါသလား၊ သို့မဟုတ် ကုမ္ပဏီရဲ့ အကျိုးစီးပွားအတွက် သွားရောက်လေ့လာခြင်း ဖြစ်ပါသလား"ဟု မေးမြန်းသည်။
၎င်း၏ မေးမြန်းမှုအပေါ် လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ Resource And Environment Myanmar Ltd, Senior Consultant ဒေါ်ခင်ဥမ္မာထွေးက "ကျွန်မတို့ လေ့လာနေတဲ့ အချိန်မှာဘဲ စီမံကိန်းလုပ်မဲ့ ကျောက်မိုင်း ပတ်ဝန်းကျင်မှာ ကျွန်မတို့ တွေ့ရှိချက်ကတော့ တောမီးရှို့နေတာ တွေ့ရပါတယ်၊ တောမီးရှို့နေတဲ့ အတွက် လေ့လာစမ်းသပ်လိုက်တဲ့ အခါမှာ ဂျပန်နိုင်ငံရဲ့ စံချိန်စံညွှန်းနဲ့ အညီဆိုရင်တော့ ဒီလေထု ညစ်ညမ်းမှုဟာ တောမီးရှို့နေတဲ့ အတွင်းမှာတောင် တော်တော်လေး စံချိန်စံညွှန်းရဲ့ အောက်ကို ကျနေတာ ရှိပါတယ်၊ စက်ရုံတည်ဆောက်မယ်ဆိုရင် ဒီစီမံကိန်းအတွက် ကျွန်မတို့ အကြံပေးထားတာ ကတော့ ဒီလေထု ညစ်ညမ်းမှု လျော့နည်းမှု ရှိအောင်လို့ ထိန်းချုပ်စနစ်ကို တပ်ဆင်ထားဖို့ ကျွန်မတို့ အကြံပေးထားပါတယ်၊ ထိန်းချုပ်စနစ်တပ်ဆင်ထားတဲ့ အခါကျရင် လေထုညစ်ညမ်းမှု ကျော်လွန်တဲ့ အခါမှာဆိုရင် အချက်ပေးစနစ်ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်၊ လေထုညစ်ညမ်းမှုတွေကို တတ်နိုင်သမျှ လျှော့ချတဲ့ နည်းတွေကို လုပ်ဆောင်ဖို့အတွက် ကျွန်မတို့ စီမံကိန်းလုပ်မဲ့ ကုမ္ပဏီကို အကြံပေးထားပါတယ်.."ဟု ရှင်းလင်းပြောကြားသည်။
မယ်မော လျှပ်စစ်ဓါတ်အားပေးစက်ရုံ လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောလွင်က "လေ့လာရတဲ့ အကြောင်းကတော့ ပြည်သူလူထုရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့က ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်၊ ပြည်သူလူထုသည် ပတ်ဝန်းကျင် သက်ရောက်မှုများနဲ့ ပတ်သက်လို့ လက်တွေ့မှာ ဘယ်လိုလဲ၊ တစ်ဖက်နိုင်ငံမှာ ဘယ်လို ဆောင်ရွက်ထားသလဲ ဆိုတဲ့ အခြေအနေမှန်ကို သိရှိရန် အတွက် ပြည်သူလူထုရဲ့ အကျိုးငှာ ကျွန်တော်တို့ဘက်က စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်"ဟု ရှင်းလင်းပြောကြားသည်။
မယ်မော လျှပ်စစ်ဓါတ်အားပေးစက်ရုံ လေ့လာရေးခရီးစဉ်တွင် လေ့လာသူ အဖွဲ့ခေါင်းဆောင်အနေဖြင့် သွားရောက်ခဲ့သူ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက "သဘာဝ ပတ်ဝန်းကျင် စောင့်ရှောက်ရေးနဲ့ ထားရှိရမဲ့ ပစ္စည်းတွေကို စနစ်တကျထားရှိမယ်၊ အသုံးပြုမဲ့ ပစ္စည်းတွေက အဆင့်မီတဲ့ ပစ္စည်းတွေ အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ မြို့နယ်မှာ ဆောက်လုပ်မဲ့ စက်ရုံဟာလည်း ပြည်သူတွေအတွက် အန္တရာယ်မရှိနိုင်ဘူးလို့ ထင်မြင် တွေ့ရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဒီမှာ အဆောက်အဦ ဆောက်လုပ်တဲ့အချိန်မှာ သတ်မှတ်တဲ့ ပစ္စည်းတွေ၊ စက်ရုံပစ္စည်းတွေ စံချိန်စံညွှန်းပြည့်မီဖို့ရာ ၀ိုင်းဝန်းပြီး စစ်ဆေးကြပ်မတ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ မြို့နယ်အတွက်၊ ကျွန်တော်တို့ နိုင်ငံအတွက် အကျိုးရှိမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ သွားရောက် လေ့လာသူ အနေနဲ့ ကျွန်တော်ဖြေကြားလိုတာကတော့ ကျွန်တော်တို့ သွားရောက် လေ့လာတယ်ဆိုတာ ကိုယ့်မြို့နယ်မှာ ရှိတဲ့ မြို့နယ်သူ မြို့နယ်သားတွေ၊ ကျေးရွာသူ ကျေးရွာသားတွေ အန္တရာယ်မရှိစေဖို့အတွက်၊ သူတို့ အန္တရာယ်ကင်းစေဖို့အတွက် ဘာတွေကို ဆောင်ရွက်သင့်သလဲ၊ ဘာတွေ လိုအပ်သလဲဆိုတာ သိရှိနိုင်ဖို့ သွားရောက် လေ့လာခဲ့ခြင်းဖြစ်ပါတယ်.."ဟု ပြောကြားသည်။
တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်တင့်က "ထိုင်းနိုင်ငံ လန်းပမ်းခရိုင် မယ်မော ကျောက်မီးသွေးစက်ရုံမှာ သွားလေ့လာတဲ့အခါမှာ ဆိုးကျိုးတွေ သိရှိခဲ့တဲ့ အချက်အလက်တွေကို သိချင်ပါတယ်၊ စက်ရုံအတွင်းမှာ လေ့လာတဲ့အချိန်မှာ ကျောက်မီးသွေး သန့်စင်ဖို့အတွက် ဘယ်လိုမျိုး ပစ္စည်းတွေကို သုံးထားပါသလဲ၊ နောက်ပြီး စက်ရုံရဲ့ ရင်းနှီးမြုပ်နှံမှုဟာ ဘယ်လောက်ရှိမလဲဆိုတဲ့ ပမာဏကိုလည်း သိချင်ပါတယ်"ဟု မေးမြန်းရာ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောလွင်က "ရင်းနှီးမြုပ်နှံမှူဟာ ဒေါ်လာ(၅၇)သန်းဖြစ်ပါတယ်။ ထိုင်းနိုင်ငံ မိုင်းမော စက်ရုံသည် first generation ပြီးသွားပြီဖြစ်ပါတယ်၊ second generation မှာ အကောင်အထည် ဖော်ခြင်းဖြစ်တယ်၊ first generation က ကျွန်တော်တို့ old technology နဲ့ ဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်၊ အခု 2400 မဂ္ဂါဝပ် လည်ပတ်နေတဲ့ စက်ရုံသည် new technology နဲ့ clean coal technology နဲ့ ဆောင်ရွက်ထားခြင်း ဖြစ်ပါကြောင်း ပြန်ကြားလိုပါတယ်၊ clean coal technology အရ ဆောင်ရွက်ထားတဲ့အတွက် သဘာဝ ပတ်ဝန်းကျင်နဲ့ လူထု ပတ်ဝန်းကျင် မထိခိုက်အောင် နိုင်ငံတကာက အဖွဲ့အစည်းများပင်လျှင် လာရောက် လေ့လာနိုင်အောင် ဖန်တီးထားတာကို တွေ့ရကြောင်း ပြန်ကြားလိုပါတယ်.."ဟု ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ တာချီလိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးခင်မောင်တင့်က တင်ပြဆွေးနွေးမှု ပတ်သက်၍ "မဆောက်ခင်တုန်းကတော့ ဘာမှမဖြစ်ပါဘူးပေါ့၊ ဆောက်ပြီးတော့ အငွေ့တွေ ထွက်လာတယ်၊ ဆန္ဒတွေပြကြတယ်၊ ကျွန်တော်တို့ မြို့မှာ အဲ့လိုတွေ မဖြစ်စေချင်လို့ ကျွန်တော်တို့ အစောကြီးကတည်းက မေးနေတာပါ၊ မြိတ်မှာလည်း ပြဿနာဖြစ်ပါတယ်၊ အဲ့လို မဖြစ်အောင်လို့ ကျွန်တော်တို့က အခုကတည်းက ကျွန်တော်တို့ မြို့ကို ကာကွယ်နေတာပါ၊ ဆန္ဒပြမှုတွေ တောင်းဆိုမှုတွေ မဖြစ်အောင် ကာကွယ်ပြီးတော့ မေးနေတာပါ၊ အခြားရည်ရွယ်ချက်တွေ မရှိပါဘူး ကျွန်တော်တို့မှာ၊ နောက်တစ်ခုက ဒီသတ္တုတွင်းတွေ တူးမယ်ဆိုရင်တောင်မှ ဘယ်ပုံစံနဲ့ တူးမလဲဆိုတာကို လူထုကို ချပြသင့်ပါတယ်၊ သတ္တုတူးမဲ့ အချိန်မှာ ပွင့်လင်းမြင်သာမှုက အရေးကြီးပါတယ်၊ ကျွန်တော်တို့ရဲ့ ရှေ့မှာ ရှိနေတဲ့ ပြဿနာတွေရှိပါတယ်၊ နားဟိုင်းလုံ ကိစ္စမျိုးတွေ ဖြစ်ပြီးမှ လိုက်လုပ်ရတဲ့အလုပ်တွေက ပိုပြီးခက်ခဲပါတယ်လို့ ကျွန်တော့် အနေနဲ့ မြင်ပါတယ်..."ဟု ရှင်းလင်းပြောကြားသည်။
လုပ်ငန်းအကောင်အထည်ဖော်ရာတွင် စံချိန်စံညွှန်း လိုက်နာချက်နှင့် ပတ်သက်၍ အတိုင်ပင်ခံ အင်ဂျင်နီယာ ဦးစောလွင်က "ကျွန်တော်တို့ တည်မဲ့ စက်ရုံသည် ဂျပန်နိုင်ငံလုပ် စက် အသစ်ဖြစ်ပါတယ်၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ တည်ဆောက်မှာ ဖြစ်ပါတယ်၊ ကွပ်ကဲမှု အပိုင်းသည်လည်း နိုင်ငံတကာ စံချိန်စံညွှန်းများနဲ့အညီ ကွပ်ကဲမှာဖြစ်ပါတယ်။ တစ်ဖက်က ECT လို့ ခေါ်တဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ရဲ့ ကြီးကြပ်ကွပ်ကဲမှု လမ်းညွှန်မှုနဲ့အလားတူ၊ ကျွန်တော်တို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှု လမ်းညွှန်မှုနဲ့ လိုက်နာဆောင်ရွက်မှာ ဖြစ်ကြောင်း ကျွန်တော် တင်ပြလိုပါတယ်.."ဟု ရှင်းလင်းပြောကြားသည်။
ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် က"တကယ်လို့များ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိတယ်၊ ပြည်သူလူထုရဲ့ ကျန်းမာရေး ထိခိုက်မှုရှိတယ်ဆိုရင်တော့ ကျွန်တော်တို့ကတော့ တားမြစ်ကန့်ကွက်ရမှာ ဆိုတာကတော့ အတိအလင်း ကြေညာအပ်ပါတယ်.."ဟု နောက်ဆုံး ပိတ်ပြောကြားသွားသည်။
မင်းခေတ်သစ်ကုမ္ပဏီမှ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်) ကျေးရွာအုပ်စုတွင် (၁၀)မဂ္ဂါဝပ် စက်(၂)လုံး တပ်ဆင်ပြီး တစ်ရက်လျှင် ကီလိုဝပ်နာရီသန်း (၀.၄၆)သန်း ထွက်ရှိကာ တစ်နှစ်လျှင် ကီလိုဝပ် နာရီသန်းပေါင်း (၁၄၀)ထွက်ရှိမည့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းအတွက် စက်ရုံမည်သို့ ဆောက်လုပ်ထားပုံ နှင့် သဘာဝပတ်ဝန်းကျင် မည်သို့ ထိန်းသိမ်းဆောင်ရွက်ထားပုံကို လေ့လာမှု တစ်ရပ်အနေဖြင့် ပြီးခဲ့သော အောက်တိုဘာ(၆)ရက်နေ့က တာချီလိတ်မြို့မှ (၃၇)ဦး သွားရောက်၍ ထိုင်းနိုင်ငံ လမ်းပန်းခရိုင်ရှိ မယ်မော့ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံသို့ သွားရောက်လေ့လာခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ(၁၄)ရက်တွင် တတိယအကြိမ်မြောက် တွေ့ဆုံရှင်းလင်းမှုကို ကျင်းပပြုလုပ်တာဖြစ်ကြောင်း သိရှိရသည်။