ဓမ္မာစကြာ အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ တာချီလိတ်၌ (၅)ရက်တိုင်တိုင် ကျင်းပ

ဓမ္မာစကြာ အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ တာချီလိတ်၌ (၅)ရက်တိုင်တိုင် ကျင်းပ
အောက်တိုဘာ 3, 2014
By Tachileik News Agency

တာချီလိတ် ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မှ ကြီးမှူးကျင်းပသည့် "အဘိဓမ္မာအခါတော်နေ့" အထိမ်းအမှတ် ဓမ္မစကြာ အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲ နှင့် ဖွင့်ပွဲအား ယနေ့ အောက်တိုဘာလ (၃)ရက်၊ နံနက် (၈)နာရီ အချိန်က စတင်၍ တာချီလိတ်မြို့နယ် ဓမ္မာရုံတွင် ကျင်းပပြုလုပ်လျှက်ရှိရာ ပြိုင်ပွဲဝင်သည့် ၀တ်ရွတ်အသင်း (၁၄)သင်း ရှိကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲအား နံနက်(၈း၃၀)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ကြပြီး အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်ပရိသတ်များကမဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်မှ ဆရာတော် ဦးနရပတီလင်္ကာရ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ဆက်လက်၍ တာချီလိတ်ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့်နှင့်အဖွဲ့မှ ဆရာတော် အရှင်သူမြတ်များအား လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် မဟာဂန္ဓာရုံ သဒ္ဓမ္မ၀ိဟာရ သာမဏေကျော် စာသင်တိုက်မှ ဆရာတော် ဦးနရပတီလင်္ကာရမှ သြ၀ါဒတရားတော်များ ချီးမြှင့်တော်မှုရာ တက်ရောက်လာသည့် ဧည့်သည်တော်များမှ တရားတော် နာယူခဲ့ကြပြီး ဖွင့်ပွဲ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ပါဝင်သည့် ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ စသည်တို့မှ တက်ရောက်လာခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲသို့ ၀င်ရောက်၍ အကောင်းဆုံးရွတ်ဆို ပူဇော်ပြိုင်ပွဲဝင်မည့် ၀တ်ရွတ်အသင်းများမှာ (၁၄)သင်းရှိပြီး ပြိုင်ပွဲအား မြို့နယ်ဓမ္မာရုံ၌ပင် ယနေ့ အောက်တိုဘာလ (၃)ရက်နေ့မှ အောက်တိုဘာလ (၇)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး သီတင်းကျွတ်လပြည့်နေ့ဖြစ်သည့် အောက်တိုဘာလ(၈)ရက် ညနေပိုင်းတွင် ဆုပေးပွဲ အခမ်းအနားအား တာချီလိတ်မြို့ရွှေတိဂုံစေတီတော်ရှိ ဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။


~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~