တာချီလိတ်မြို့နယ်မှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တည်ဆောက်တော့မယ်ဆိုတော့ ကျွန်တော် စဉ်းစားမိထားတာလေးတွေကို သုံးသပ်တင်ပြလိုက်ပါတယ်။
"ရင်းနှီးမြုပ်နှံမှုများနှင့် စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင် ထိခိုက်မှုများအား လေ့လာဆန်းစစ်ချက် (EIA)၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ချက်(SIA)၊ လုပ်ထုံးလုပ်နည်းများ စာ(၂၀၁၅)ခုနှစ် ဇန်န၀ါရီလတွင် ထွက်ရှိမှာဖြစ်ပါတယ်လို့ သတင်းတွေမှာ ဖတ်မိပါတယ်။
EIA, SIA လေ့လာဆန်းစစ်ချက်များ လုပ်ထုံးလုပ်နည်းများဟာ တရားဝင်ထွက်ရှိလာခြင်း မရှိတဲ့အတွက် အခု ကျောက်မီးသွေးစက်ရုံ တည်ဆောက်မည့် လုပ်ငန်းရဲ့ EIA,SIA လေ့လာဆန်းစစ်ချက်တွေဟာ ဥပဒေအရ အကြုံးဝင်ပါ့မလားဆိုတာ ကျွန်တော်လဲသိချင်တယ်ဗျာ။
လုပ်ငန်းစီမံကိန်း အကောင်အထည်ဖေါ်မည့်သူများဟာ ရက်ပေါင်း(၆၀)အတွင်း ကနဦး ပတ်ဝန်းကျင် ထိခိုက်မှု (IEE)အား ရေးဆွဲရမှာဖြစ်ပြီး ရက်ပေါင်း(၉၀)အတွင်း (EIA,SIA) အားရေးဆွဲရမှာဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စီမံခန့်ခွဲခြင်း (EMP)များအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနသို့ (၆)လ တစ်ကြိမ် တင်ပြရမယ်လို့လည်း အဆိုတွေ့ထားတယ်။
ဟုတ်ပြီ အခုတည်ဆောက်မယ့် ကျောက်မီးသွေးစက်ရုံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံခန့်ခွဲခြင်း (EMP) တွေကို ပြည်သူလူထုနဲ့ သတင်းမီဒီယာတွေကို ချပြထားပြီလား၊ တကယ်လို့ ချမပြထားဘူး ဆိုရင်တော့ ကုမ္ပဏီက ပွင့်လင်းမြင်သာမှုလိုတယ်လို့ ကျွန်တော်အကြံပြုချင်တယ်ဗျာ။
နောက်ပြီး ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၉) ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေမှာ အခန်း(၄)မှာ ၀န်ကြီးဌာနရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များလို့ ဆိုထားတယ်။
အခန်း(၄)ပုဒ်မ(၇)၊ အပိုဒ်ခွဲ (ဃ)
(ပတ်ဝန်းကျင် အရည်အသွေး ထိန်းသိမ်းရေးနှင့်မြှင့်တင်ရေးတို့ အတွက် ထုတ်လွှတ် အခိုးအငွေ့များ၊ စွန့်ထုတ် အရည်များနှင့် စွန့်ထုတ် အစိုင်အခဲများ၊ ကုန်ထုတ်လုပ်မှု နည်းလမ်းများ၊ လုပ်ငန်းစဉ်များနှင့် ထွက်ကုန်များ၏ စံချိန်စံညွှန်းများ အပါအ၀င် ပတ်ဝန်းကျင် အရည်အသွေး စံချိန်စံညွှန်းများ သတ်မှတ်ခြင်းများ ပြုလုပ်ရမည်)
အခန်း(၄)ပုဒ်မ(၇)၊ အပိုဒ်ခွဲ (ဆ)
(စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဓါတ်သတ္တု တူးဖေါ်ထုတ်လုပ်ရေးလုပ်ငန်း၊ အညစ်အကြေး စွန့်ပစ်ရေး လုပ်ငန်းနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓါတုပစ္စည်း(သို့) အခြားဘေးအန္တရာယ်ရှိသည့် ပစ္စည်းများ ထုတ်လုပ်သုံးစွဲရာမှ ထွက်ရှိလာနိုင်သည့် ဘေးအန္တရာယ်ရှိပစ္စည်း၏ အမျိုးအစားနှင့် အတန်းအစားများကို သတ်မှတ်ခြင်းများပြုလုပ်ရမည်)
အခန်း(၄)ပုဒ်မ(၇)၊ အပိုဒ်ခွဲ(ဇ)
(ပတ်ဝန်းကျင်ကို လက်ငင်း၊ ရေတိုရေရှည်တွင် သိသာထင်ရှားစွာ ထိခိုက်စေနိုင်သော ဘေးအန္တရာယ်ရှိ ပစ္စည်းအမျိုးအစားများ သတ်မှတ်ခြင်းများပြလုပ်ရမည်)
ဆိုတော့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာနကကော တာဝန်ယူမှုတွေ လုပ်ထားပြီလား ကျွန်တော် ကြားသမျှတော့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် တစ်ယောက်တည်းကဘဲ ဖြေရှင်းနေတာတွေ့ရပါတယ်။
ကျွန်တော် ဒီပုဒ်မတွေဘာကြောင့် လျှောက်ပြောနေရလဲဆိုတော့ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံဆိုတာ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေတယ်ဆိုတာ လူတိုင်းလက်ခံပေမယ့် ဘယ်လိုဘေးထွက် ဆိုးကျိုးတွေဖြစ်ပေါ်စေတယ် ဆိုတာကို ပြည်သူတွေကို Awareness ကောင်းကောင်း မလုပ်ဘူးလို့ ထင်လို့ပါ။
ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေး စက်ရုံမှ ထွက်ပေါ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့၊ အက်ဆစ်မိုးကို ရွာသွန်းစေနိုင်သည့် ဆာလ်ဖာဒိုင် အောက်ဆိုဒ်ဓါတ်ငွေ့၊ အသက်ရှူ လမ်းကြောင်းတွင် ရောဂါ ဖြစ်စေနိုင်သည့် ကာဗွန်မိုနောက်ဆိုဒ်၊ သောက်သုံးရေနှင့် ပင်လယ်ရေထုကို ညစ်ညမ်းစေနိုင်သည့် အာဆင်းနစ် (စိန်ဖြူ)၊ ပြဒါး၊ ခဲ၊ ကက်မီယံ၊ ယူရေနီယံနှင့် ပြာအမှုန် အမွှားများလည်း ထွက်ပေါ်နိုင်ခြင်းကြောင့် လေထု၊ ရေထုနှင့် မြေထုကို ညစ်ညမ်းစေနိုင်ပါတယ်။
ဒါတင်ဘဲလားဆိုတော့ မဟုတ်ဘူး "အသက်ရှူလမ်းကြောင်း ကနေတစ်ဆင့် ကျောက်မီးသွေးထဲမှာပါတဲ့ စိန်ဖြူဓာတ်ဝင်လို့ လူသေတာ၊ ကလေး ပျက်တာ၊ ကလေးအသေမွေးတာ၊ မွေးလာတဲ့ကလေးတွေ ဉာဏ်ရည် မပြည့်တာ၊ ကိုယ်ကာယ မဖွံ့ဖြိုးတာတွေ ဖြစ်တတ်ပါတယ်”ရှမ်းပြည်နယ် တောင်ပိုင်း တီကျစ်မှာဆို အသုံးမပြုဘဲ စုပုံထားတဲ့ ကျောက်မီးသွေးတွေက ထွက်ရှိတဲ့ အာဆင်းနစ်(စိန်ဖြူ)ကြောင့် စက်ရုံတည်နေရာရဲ့ (၅)မိုင်ပတ်ဝန်းကျင်က လူ(၁၀၀၀)ကျော်ဟာ အသက်အန္တရာယ် ရှိလာနိုင်တယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
ထိုင်းနိုင်ငံနောက်မြောက်ပိုင်း Lampang ခရိုင်တွင် ၁၉၇၈ ခုနှစ်က စတင် လည်ပတ်ခဲ့တဲ့ မယ်မော (Mae Moh ) ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသော မီးခိုးပြာကြောင့် ၁၉၉၆ ခုနှစ်တွင် ဒေသခံ ၆ ဦး သွေးအဆိပ်သင့် သေဆုံးပြီး အဆိပ်သင့်သူ ၈,၀၀၀ ကို ဆေးစစ်ရာ ၃,၅၀၀ ဦးမှာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါများ ခံစားနေရကြောင်း တွေ့ရှိရ၍ ဒေသခံများက အစိုးရကို တရားစွဲဆိုခြင်းများ ရှိတယ်လို့လဲ သိရှိရပါတယ်။
တကယ်တော့ ဒီသတင်းစာရှင်းလင်းပွဲဟာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနက တာဝန်ရှိသူတွေ ပါဝင်သင့်ပေမယ့် ဘာကြောင့် မပါဝင်ကြတာလဲ ဘာကြောင့် သူတို့ တာဝန်ယူမှု တာဝန်ခံမှုကို ပြည်သူတွေသိအောင် လာရောက်မချပြတာ ကျွန်တော်စဉ်းစားမိတယ်။
ပြည်နယ် လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင် က"တကယ်လို့များ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိတယ်၊ ပြည်သူလူထုရဲ့ ကျန်းမာရေး ထိခိုက်မှုရှိတယ် ဆိုရင်တော့ ကျွန်တော်တို့ကတော့ တားမြစ်ကန့်ကွက်ရမှာ ဆိုတာကတော့ အတိအလင်း ကြေညာအပ်ပါတယ်.." လို့ပြောသွားတယ် EIA, SIA ရဲ့လုပ်ထုံးလုပ်နည်းတွေဟာ တကယ်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဌာနက တာဝန်ယူထားတာပါ ဒါကို အစိုးရဘက်က ပြည်နယ်လျှပ်စစ်ဝန်ကြီးတစ်ယောက်တည်းက တာဝန်ယူမှု တာဝန်ခံမှုတွေ လုပ်သွားတယ်ဆိုတော့ ကျွန်တော်တို့ပြည်သူလူထုတွေ စဉ်းစားသင့်တယ်ထင်တယ်။
Resource And Environment Myanmar Ltd ဆိုတာ တကယ်တော့ Company တွေရဲ့ လိုအပ်ချက်အရ EIA,SIA လိုက်ရေးပေးနေတဲ့ အဖွဲ့အစည်းပါ တကယ်လို့ ၂၀၁၅၊ ဇန်န၀ါရီမှာ EIA, SIA ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေတွေ ထွက်ရှိလာရင် အခုရေးဆွဲတင်ပြထားတဲ့ EIA, SIA တွေက အကြုံးဝင်ပါ့မလား။
ဒီ Project ကို လွှတ်တော်မှာလဲ အဆိုတင်သွင်းတာမတွေ့ရ၊ ပြည်သူတွေကြားထဲမှာလဲ ပွင့်လင်းမြင်သာတဲ့ သတင်းရင်းမြစ်ချပြမှုကို မတွေ့ရဘူး၊ အဓိကတော့ စက်ရုံကြီးလည်ပတ်လို့ သဘာဝပတ်ဝန်းကျင် ထိခိုက်လာရင် အရင်ဆုံး ရင်ဆိုင်ဖြေရှင်းရမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာနပါ ဒါကို ဒီဝန်ကြီးဌာနရဲ့ သတင်းချပြမှု မရှိတာကို ကျွန်တော်တို့ တွေးတောသင့်ပြီ ကုမ္ပဏီအနေနဲ့လဲ လုပ်ထုံးလုပ်နည်း လေးစားလိုက်နာသွားဖို့ အရေးကြီးတယ်လို့ တင်ပြလိုက်ရပါတယ်။