ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်း(၁)ကျေးရွာတွင် ကျပ် နှစ်ရာငါးဆယ့်သုံးသိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြား ထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများကို မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များစသည့် ပူးပေါင်းအဖွဲ့မှ ယနေ့ ဧပြီလ(၁၁)ရက် မွန်းလွဲ (၃)နာရီအချိန်ခန့်က တရားခံနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အဆိုပါ ပူးပေါင်းအဖွဲ့တို့သည် မူးယစ်ဆေးဝါးသတင်းအရ တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ယန်းခမ်း(၁)ကျေးရွာရှိ မောင်မွန်xxx၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ မောင်မွန်xxxမှာ အဆိုပါ နေအိမ်၌ အသင့်တွေ့ရှိနေရပြီး ဆက်လက်ရှာဖွေရာ တန်ဖိုးငွေ ကျပ် နှစ်ရာငါးဆယ့်သုံးသိန်းကျော် တန်ဖိုးရှိသည့် စိတ်ကြွဆေးပြားထုတ်လုပ်သည့် စက်နှင့် ဆက်စပ်ပစ္စည်းများကို ရှာဖွေတွေ့ရှိရ၍ ၎င်းအား တာချီလိတ်မြို့မ ရဲစခန်းမှ မယ(ပ)၅၇/၂၀၁၄၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ)/၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။
ပူးပေါင်းအဖွဲ့မှ အဆိုပါ နေအိမ်အတွင်း၌ ရှာဖွေရာတွင် စပါးဂိုဒေါင်အတွင်း မှန်ဘီဒိုအပေါ်ထပ်မှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၇၀)ပြား၊ မူးယစ်ဆေးဝါး ပြုလုပ်ရာ၌ အသုံးပြုသည့် စတီးမွှေအိုး (၁)လုံး၊ သံခြင်းကြား (၁)ခု နှင့် သံမွှေပြား (၁)ခု၊ မြေကြီးကျင်းတူး၍ မြုပ်နှံထားသည့် အနီရောင်ရေခဲပုံးအတွင်းမှ စိတ်ကြွဆေးပြား ရိုက်ရာတွင် အသုံးပြုသည့် Wy တံဆိပ်ပါ သံမှို(၁၁)ခုနှင့် တံဆိပ်မပါ သံမှို(၈)ခု စုစုပေါင်း သံမှို(၁၉)ခု၊ SHIBATA တံဆိပ်ပါ မြင်းကောင်ရေ (၀.၅)HPအားရှိ ခဲရောင် မော်တာတပ်ဆင်ထားသော ဆေးပြား (၈)ပြားကျသည့် ဆေးပြားရိုက်စက် (၁)လုံးတို့ကို ရှာဖွေတွေ့ရှိရပြီး၊ စပါးကြိတ်စက်ဂိုဒေါင် အတွင်းမှ စတီးအိုး(၁)လုံးပါသည့် မွှေစက်(၁)ခု နှင့် စိတ်ကြွဆေးပြား ပြုလုပ်ရာတွင် အသုံးပြုသည့် ဆေးရည်၊ ဆေးမှုန့် စသည့် ဆက်စပ်ပစ္စည်းများပါဝင်ရာ စုစုပေါင်း ကာလတန်ဖိုးမှာ ကျပ် နှစ်ရာငါးဆယ့်သုံးသိန်းကျော် ရှိကြောင်း သိရှိရသည်။
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
web: www.tachileik.net
Facebook: www.fb.com/TachileikNews
Youtube: www.youtube.com/ TachileikNews
Email: [email protected]