တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ဆယ်ဘီးကားများ ဖြတ်သန်းမောင်းနှင်ပါက အရေးယူမည်

တာချီလိတ်မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ဆယ်ဘီးကားများ ဖြတ်သန်းမောင်းနှင်ပါက အရေးယူမည်
မတ် 27, 2014
By Tachileik News Agency
တာချီလိတ်မြို့တွင် မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီး တစ်ခုတည်းကိုသာ အဓိက အားထား၍ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အရေးပေါ်ကိစ္စများ အတွက် ကား/ဆိုင်ကယ် စသည့် အိမ်သုံး မော်တော်ယာဉ်များ သွားလာနေလျှက်ရှိရာ မြို့တွင်း ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့မှု မရှိစေရန်အတွက် ဆယ်ဘီးတပ်ယာဉ်များနှင့် ယာဉ်ကြီးများကို မြို့တွင်း ဗိုလ်ချုပ်လမ်းမ တစ်လျှောက် ဖြတ်သန်းမောင်းနှင်ခွင့် မပြုကြောင်း တာချီလိတ်ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီမှ ထုတ်ပြန် ကြော်ငြာထားချက်ကို လမ်းဆုံများ၌ ထားရှိ၍ အသိပေး ကြော်ငြာထားတာကို တွေ့ရှိရသည်။

အဆိုပါ ကြော်ငြာချက်တွင် တာချီလိတ်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပွားစေရေးအတွက် ဆယ်ဘီးကား အမျိုးမျိုးနှင့် ကားကြီးများကို အမှတ်(၂)ချစ်ကြည်ရေး တံတား လမ်းဆုံမှ ပုန်းထွန်ပူးပေါင်း စစ်ဆေးရေးဂိတ်(လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်)အထိ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက် ဖြတ်သန်း မောင်းနှင်ခွင့် မပြုကြောင်းနှင့် အဆိုပါ ကြော်ငြာချက်အား လိုက်နာမှုမရှိသည့် မော်တော်ယာဉ်ကြီးများကို စစ်ဆေးတွေ့ရှိရပါက ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကြော်ငြာထားသည်။

ယခုလို ကြော်ငြာထားချက်နှင့် ပတ်သက်၍ "တာချီလိတ်မြို့မှာလည်း ဗိုလ်ချုပ်လမ်းတစ်ခုတည်းကိုပဲ အဓိက အားထားရတာဆိုတော့ ဒီလို ကြော်ငြာထားတာကောင်းတယ်၊ သို့ပေမဲ့ ကြော်ငြာချက်ထဲကအတိုင်း မလိုက်နာရင်တော့ ကျောသား၊ ရင်သားမခွဲခြားပဲ ထိထိရောက် အရေးယူဖို့တော့လိုတယ်"ဟု မြို့မိမြို့ဖတစ်ဦးမှ တာချီလိတ်အွန်လိုင်းသို့ ပြောလာသည်။

ဓါတ်ပုံ။    ။ ကိုစိုးထွန်းနိုင် (ကောင်းဆက်လင်း)
သတင်း။   ။ ကိုဇောင်း
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~