ယာယီကားလေးကွင်းသို့ ပြည်နယ်စည်ပင်ဝန်ကြီးမှ သွားရောက် စစ်ဆေးရာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ရန် ၀န်ကြီးမှ မှာကြားသွား

ယာယီကားလေးကွင်းသို့ ပြည်နယ်စည်ပင်ဝန်ကြီးမှ သွားရောက် စစ်ဆေးရာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ရန် ၀န်ကြီးမှ မှာကြားသွား
နိုဝင်ဘာ 27, 2013
By Tachileik News Agency
မကြာသေးမီကာလက ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် စတင် တာဝန်ယူ ထမ်းဆောင်လျှက်ရှိသည့် မိုင်းပြင်းမြို့ ပြည်ခိုင်ဖြိုးပါတီ မဲဆန္ဒနယ် (၂)မှ ဦးစိုင်းလှဝင်းသည် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်မှစ၍ ပထမဆုံးအကြိမ်အဖြစ် ၂၀၁၃ခုနှစ် နိုဝင်ဘာ ၂၆ရက်နေ့က တာချီလိတ်မြို့သို့ ရောက်ရှိလာရာ ဒေသဖွံ့ဖြိုးရေးအတွက် လာရောက်ကြည့်ရှုပြီး ယနေ့ နိုဝင်ဘာလ ၂၇ရက် နံနက် ၁၀ နာရီအချိန်က မယ်ခေါင်ရပ်ကွက်ရှိ ယာယီကားလေးကွင်းသို့ သွားရောက်၍ လက်ရှိ ကားလေးကွင်း၌ လိုအပ်သည်များကို ကွင်းဆင်း လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင်  ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း နှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး၊ ပြည်နယ်/မြို့နယ် စည်ပင် အမှူဆောင် အရာရှိများနှင့်အဖွဲ့၊ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့်အဖွဲ့၊ မထသ ဥက္ကဌ ဦးစ၀်စိုးလင်း နှင့် မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများ စသည့် အဖွဲ့တို့ လိုက်ပါလာပြီး မယ်ခေါင်ရပ်ကွက်အတွင်းရှိ ယာယီကားလေးကွင်းထဲမှ ဂိတ်သူ၊ ဂိတ်သားများ၏ လုပ်ငန်း အခြေအနေနှင့် ယာယီကားလေးကွင်း အခြေအနေ စသည်တို့ကို စစ်ဆေးကြည့်ရှုရာ ဂိတ်သူ၊ ဂိတ်သားများဘက်မှ လိုအပ်ချက် (၃)ချက်ကို တင်ပြခဲ့ကြသည်။

ဂိတ်သူ ဂိတ်သားများကိုယ်စား ရွှေတြိဂံအရှေ့ပိုင်း ယာဉ်လိုင်းမှ ဦးဝင်းမောင်က လက်ရှိကားလေးကွင်း၏ ၀င်ပေါက် ထွက်ပေါက်တို့တွင် အထွက်၌ ယာဉ်များ ကြပ်တည်းမှု မရှိစေရန်နှင့် အထွက်လမ်းကို အထွက်လမ်းသီးသန့် ဖြစ်ရန် ယာဉ်များ မ၀င်လာနိုင်စေရန် အတွက် သက်ဆိုင်ရာမှ စီမံပေးလိုကြောင်း တင်ပြသည်။

ဆက်လက်၍ ဂိတ်အတွင်းရှိ အ၀င်ပေါက်အနီး၌ ဆိုင်ခန်း အမှတ် (၂၉) နှင့် (၃၀) ဆိုင်ခန်း (၂)ခန်းမှာ ကားကြီးများ ၀င်ရောက်မှုအား မလွတ်မကင်း ဖြစ်နေသည့်အတွက် အဆိုပါ အခန်းနှစ်ခန်းအား ဖယ်ရှားခြင်းမပြုပဲ ပြန်လည် ပြင်ဆင်၍ ဆောက်လုပ်ပေးပါရန် တင်ပြလာသည့်အခါ မင်းခေတ်သစ် ဆောက်လုပ်ရေးကုမ္ပဏီမှ အဆိုပါ ဆိုင်ခန်းအား ပြန်လည်ပြင်ဆင် ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း သဘောတူညီစွာဖြင့် လိုက်လျောခဲ့သည်။

တတိယ အချက်မြောက် တင်ပြရာတွင် ယာယီကားလေးကွင်းမှာ ကျဉ်းနေသည့်အတွက် ကားများ ရပ်တန့်နိုင်ရန် အတွက် ကွင်း၏ အထွက်ပေါက် အနီး၌ ထားရှိထားသော ကတ္တရာပီပါများကို
ရွှေ့ပြောင်းပေးစေလိုကြောင်း စသည့် အချက် (၃)ချက်ကို ၀န်ကြီးနှင့်အဖွဲ့အား တင်ပြခဲ့ကြသည်။

ထိုသို့ တင်ပြမှုကို  ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း က ၎င်းနှင့်အတူ လိုက်ပါလာသည့် သက်ဆိုင်ရာ တာဝန်ရှိသူများအား အားလုံးအဆင်ပြေစေရန်အတွက် လိုအပ်သည်များကို ဆက်လက်၍ ညှိနှိုင်းဆောင်ရွက် လုပ်ဆောင်ကြစေလိုကြောင်း မှာကြားသွားကြောင်း သိရှိရသည်။

ပုံများကိုကြည့်ရန်
ယာယီကားလေးကွင်းသို့ ပြည်နယ်စည်ပင်ဝန်ကြီးမှ သွားရောက် စစ်ဆေး

18 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ~~~~~~~~~~~~~~~~~~~~