ယနေ့ သြဂုတ်လ ၁၁ ရက် ၁၅း၀၀ နာရီခန့်က တာချီလိတ် - မိုင်းဆတ်သွားလမ်း၊ တာချီလိတ်အထွက်တွင် ရက်ပိုင်းအတွင်းက မိုးများရွာသွန်းမှု ဒဏ်များကြောင့် မြေများပျော့လာကာ တောင်ပြိုမှုဖြစ်ပွားခဲ့ရာ လမ်းပိတ်သွားခဲ့သည့်အတွက် သက်ဆိုင်ရာမှ ပိတ်ဆို့နေသော မြေများအား အမြန်ဆုံး ဖယ်ရှားနိုင်ရန်အတွက် သွားရောက်ခဲ့ကြကြောင်း သိရသည်။
မြေများ လမ်းပေါ်သို့ပြိုကျနေသည်မှာ အမြင့် ၇ ပေကျော် ရှိပြီး အလျားမှာ ပေ ၆၀ခန့် ရှိတာကို တွေ့ရသည်။ မြေများရုတ်တရက် ပြိုကျလာနေစဉ်အတွင်း ဖြတ်သွား ဖြတ်လာ ခရီးသွား ဆိုင်ကယ်များ၊ ကားများ ပါဝင်သွားခြင်း ရှိမရှိကို ပိတ်ဆို့နေသည့် မြေများကို ဖယ်ရှားပြီးမှသာ သိရှိနိုင်မှာဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ပြောကြားလာသည်။
"မိုင်းဆတ်ဘက်က ခုနကမှ ပြန်လာတာ ဘာမှမဖြစ်သေးဘူး၊ နာရီဝက်လောက်ပဲ ရှိသေးမယ်ထင်တယ် ချက်ချင်းပဲဗျာ တော်တော်ကြောက်ဖို့ ကောင်းတယ်။ ကျွန်တော် အပြန်မှာ ခုလို မပြိုကျတာ ကံကောင်းတယ်"ဟု ရွှေတာချီခရီးသွားလုပ်ငန်းမှ အငှားဆိုင်ကယ်ပြေးဆွဲသူ တစ်ဦးက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
{ ဗီဒီယို သတင်း မှတ်တမ်း}
အဆိုပါနေရာသို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး အပါအ၀င် လွယ်တော်ခမ်းကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များမှ ရောက်ရှိလာပြီး မြေများအား ဖယ်ရှားနိုင်ရန်အတွက် ဆောင်ရွက်စေခဲ့ကြရာ သော်တာဝင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ စက်ယန္တရားများဖြင့် မြေများကို ဆက်လက်၍ ဖယ်ရှားနေသည်ကို တွေ့ရှိရသည်။
ယခုရက်ပိုင်းအတွင်း၌ တာချီလိတ်မြို့တွင် သဘာဝဘေးဒဏ်များ ကျရောက်နေရာ
ရေလွှမ်းမိုးမှုများ နှင့် တောင်ပြိုမှုများ ဖြစ်ပွားခဲ့သည့်အပြင် တာလေမြို့နယ်ခွဲ တစ်ဝိုက်တွင်လည်း ရေလွှမ်းမိုးမှုများကြောင့် တာချီလိတ်မြို့ရှိ စေတနာရှင်များ လူမှုရေးအသင်းအဖွဲ့များက သွားရောက် ကယ်ဆယ်ထောက်ပံ့မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။
ပုံများကိုကြည့်ရန်