ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ ပညာရေးအထောက်အကူပြု အဖြစ်သော် လည်းကောင်း၊ မိုးတွင်းအခါ ကျောင်းသား၊ကျောင်းသူများ ကျောင်းအတွင်း သွားလာရ လွယ်ကူစေရန်သော် လည်းကောင်း ရည်ရွယ်ကာ တာချီလိတ်မြို့နယ်အတွင်းရှိ ကျောင်းများ၌ အကုန်အကျခံပြီး စက်ယန္တရားများဖြင့် မြေဖို့ပြုပြင်မှုများ ပြုလုပ်ပေးနေလျှက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး နှင့် အတွင်းရေးမှူး ဦးတင်နွယ်တို့မှ ဦးဆောင် ပြုလုပ်ကာ မြင့်ဦးအောင်၊ စိုင်းလောင်ဟိန်း၊ စံလင်းဖြိုး၊ ၀ဏ္ဏသိန်းသန်း၊ ပတ္တမြားနဂါး၊ လွယ်မွေ နှင့် ကျောက်ဆောင်နီ စသည့် သတ္တုတူးဖော်ရေး ကုမ္ပဏီများမှ မြေသယ်ကားများနှင့် စက်ယန္တရားများတို့ဖြင့် တာလော့ကျောင်းအတွင်း မြေဖို့ပေးမှုများကို ပြုလုပ်နေလျှက်ရှိရာ ၄ ရက်အတွင်း မြေကားအစီးရေ ၈၀၀ ကျော်ပြီဖြစ်ပြီး အပြီးအစီးကို မြေအစီး ၁၄၀၀ ၀န်းကျင်ခန့် အသုံးပြုရဖွယ်ရှိကြောင်း၊ မြေများကို ဟိုတယ်တာချီလိတ် ပိုင်ရှင် ဦးထွန်းနေဦး မှ လှူဒါန်းတာဖြစ်ကြောင်း သိရသည်။
မိုးရွာသွန်းသည့်အခါတိုင်း၌ တာလော့ကျောင်းသည် ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများမှာ ကျောင်းသွားကျောင်းလာရ ခက်ခဲသည်ဖြစ်ရာ ယခုအခါမှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ မြေဖို့ပေးသည့်အတွက် "ကလေးတွေအတွက်လည်း ကစားကွင်းပေါ်လာမယ်၊ ရေကြီးတဲ့ ဒုက္ခကလည်း ကင်းဝေးသွားမှာပေါ့နော်၊ ကျောင်းလည်းပုံမှန် တက်ရတော့မဲ့ အနေအထားရှိလာပါတယ်၊ ဒါကြောင့် အထူးဝမ်းသာပါတယ်၊ လုပ်ပေးတဲ့ အကျိုးဆောင်နေတဲ့ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်"ဟု တာလော့ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းကောင်ခမ်းက တာချီလိတ်အွန်လိုင်းသို့ ပြောကြားလာသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်း အနေဖြင့် ဆန်ဆိုင်းကျောင်းတွင်လည်း ယခုအတိုင်း မြေကား အစီး ၇၀၀ခန့်ဖြင့် ကျောင်းအတွင်း ရေဖုံးလွှမ်းမှု မရှိစေရန်အတွက်
ဆောင်ရွက်ခဲ့သည့်အပြင် ယခု တာလော့ကျောင်းအား မြေဖို့ပြီးပါက ပုန်းထွန်ကျောင်းတွင်လည်း
မြေဖို့ပေးမှုများ ပြုလုပ်ရန် အစီအစဉ်ရှိသေးကြောင်းလည်း သိရသည်။