ဇူလိုင်လ ၂၂ ရက်နေ့ က နေအိမ်သို့ ပြန်ရောက်လာခြင်းမရှိပဲ ပျောက်ဆုံးနေသည့် ၁၃ နှစ်သား မောင်ဝေလင်းအောင်၏ သတင်းအား တာချီလိတ်အွန်လိုင်း ၌ သြဂုတ်လ ၆ ရက်နေ့က ဖော်ပြခဲ့ပြီးနောက် သြဂုတ်လ ၁၂ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦး၏ အသိပေးပြောကြားချက်ကြောင့် မိဘများက ကလေးရှိရာသို့ သွားရောက်ပြီး ပြန်လည်ခေါ်ဆောင်လာခဲ့ကြရာ ယခုအခါမှာ မောင်ဝေလင်းအောင်မှာ မိဘများနှင့် နွေးထွေးစွာ နေထိုင်လျှက်ရှိကြောင်း သိရ၍ တာချီလိတ်အွန်လိုင်းမှ သွားရောက်ကာ မေးမြန်းခဲ့ပါသည်။
ဇူလိုင်လ ၂၂ ရက်နေ့က ပျောက်ဆုံးသွားသော အသက် ၁၃ နှစ်ရှိ မောင်ဝေလင်းအောင်သည် နေအိမ်သို့ မပြန်ပဲ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ နေလေရာ သြဂုတ်လ ၁၂ ရက်နေ့က ပုန်းထွန်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးမှ ကလေးအား တွေ့မိကြောင်း အသိပေးလာသောကြာင့် ၎င်း၏ မိခင်ဖြစ်သူ ဒေါ်ညွှန့်ကြည်တို့မှ သွားရောက်ကာ မောင်ဝေလင်းအောင်အား ပြန်လည်ခေါ်ဆောင်ခဲ့ကြသည်။
"အမေ အကြွေလဲခိုင်းတဲ့ ပိုက်ဆံကို ဂိမ်းဆော့မိပြီး အိမ်မပြန်ရဲတော့လို့ လျှောက်သွားနေရင်းနဲ့ လမ်းမှာ စစ်သားကြီးတစ်ယောက်က သားကိုမေးတယ်၊ ဘယ်သွားမို့လဲတဲ့၊ သားက ဗိုက်ဆာတယ်လို့ ဖြေလိုက်တော့၊ ဗိုက်ဆာရင် ဟိုရှေ့မှာ ဘုန်းကြီးကျောင်းရှိတယ်၊ အဲ့ဒီကို သွားဆိုပြီး ညွှန်လိုက်တော့၊ သားလည်း ဗိုက်ဆာလို့ စစ်သားကြီးပြောတဲ့ ဘုန်းကြီးကျောင်းကို သွားလိုက်တာ"ဟု မောင်ဝေလင်းအောင်မှ ပြောပြသည်။
"ဘုန်းကြီးကျောင်းရောက်တော့ ကျောင်းထိုင်ဘုန်းကြီးက နေပြည်တော်ကို ခရီးထွက်နေတယ်၊ ကျန်ခဲ့တဲ့ ဘုန်းကြီးက ဒီမှာနေချင်ရင် ဆက်နေပါ၊ မနေချင်ရင် ပြန်လို့ရပါတယ်လို့ ပြောလို့၊ သားလည်း အိမ်ကို မပြန်ရဲတော့တာနဲ့ ဘုန်းကြီးကျောင်းမှာပဲ ဆက်နေနေတာ၊ "ဟု မောင်ဝေလင်းအောင်မှ ဆက်လက် ရှင်းပြသည်။
မောင်ဝေလင်းအောင်သည် တာချီလိတ်မြို့ အခြေခံပညာအထက်တန်းကျောင်း ( ၈-တန်း G )တွင် ပညာသင်ကြားသော ကျောင်းသားတစ်ဦးဖြစ်ပြီး မိဘများမှာ ဦးခင်အောင်သက် နှင့် ဒေါ်ညွှန့်ကြည်ဖြစ်ရာ မောင်နှမ ၆ ဦး ရှိကြောင်း သိရသည်။
သြဂုတ်လ ၆ ရက်နေ့က ဖော်ပြခဲ့သော လူပျောက်သတင်း
( http://www.tachileik.net/2013/08/MgWaiLinag.html )