တာချီလိတ်ခရိုင်၊ တာလေမြို့နယ်ခွဲမှာရှိသည့် နားဟိုင်းလုံကျေးရွာမှ လယ်သမားများသည် တောင်ပေါ်ရွှေတူးဖော်လုပ်ကွက်များမှ စီးဆင်းလာသော ရေနှင့်သဲများ စိုက်ပျိုးလယ်မြေများသို့ ၀င်ရောက် အနည်ထိုင်မှုကြောင့် စိုက်ပျိုးရန် အခက်အခဲဖြစ်နေကြောင်းကို နေပြည်တော်အထိ တိုင်စာပေးပို့ထားသည့် ကိစ္စနှင့်ပတ်သက်၍ နှစ်ဦ်းနှစ်ဖက် ပြေလည်စေရန်အတွက် သွားရောက်စုံစမ်း စစ်ဆေးမှုများကို ပြုလုပ်ရာ တာချီလိတ်ခရိုင်/မြို့နယ် အဆင့်ရှိ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များမှလည်း အဆိုပါကျေးရွာသို့ ပူးပေါင်းလိုက်ပါလာပြီး လယ်ကွင်းတွေထိ ကွင်းဆင်း ကြည့်ရှု့စစ်ဆေးမှုများကို ဇွန်လ(၁)ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ယခုအကြိမ်မတိုင်မီက ဌာနဆိုင်ရာနှင့် တာဝန်ရှိသူများမှ လိုအပ်သော ကွင်းဆင်း စစ်ဆေးစုံစမ်း ညှိနှိုင်းပေးမှုများ အကြိမ်အကြိမ် ပြုလုပ်ပြီးဖြစ်သော်လည်း ပြေလည်မှုမရရှိသေး၍ လယ်သမားများနှင့်လုပ်ငန်းရှင်တို့ နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိစေလိုတဲ့အတွက် ယနေ့မှာ ဌာနဆိုင်ရာများနှင့် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီပါတီမှ ကော်မတီဝင်များက ထပ်မံကွင်းဆင်းခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းမှုများပြုလုပ်ရာမှာ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး နှင့် လယ်ယာမြေနှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာ အကြီးအကဲများ အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးစိုင်းတင်မြင့်ဝင်း၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးစိုင်းဆိုင်တွီ၊ ခရိုင်အတွင်းရေးမှူး ဦးရဲနီထွန်း၊ တာချီလိတ် မြို့နယ် ဥက္ကဌ ဦးဌေးဝင်း၊ ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်၊ အတွင်းရေးမှူး ဦးခင်မောင်တင့်အပါအ၀င် (၇)ဦး နှင့် တာလေမြို့နယ်ခွဲရှိ NLD ပါတီ ဥက္ကဌ နှင့် အတွင်းရေးမှူးတို့အပြင် လယ်သမားများနှင့်အတူ စိုင်းတစ် သတ္တုတူးဖော်ရေးကုမ္ပဏီမှ အုပ်ချုပ်မှူ ဒါရိုက်တာ ဦးစိုင်းတစ် လည်း လိုက်ပါလာခဲ့ကြသည်။
အဆိုပါအဖွဲ့တို့သည် ရွာသူ ရွာသားများမှ လိုက်လံပြသသော စိုက်ပျိုးရန် အခက်အခဲ ဖြစ်ပေါ်နေသည့် စိုက်ပျိုးလယ်မြေများနှင့် စိုက်ပျိုးရေရယူသည့် ချောင်း/မြောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြပြီး အချိန် (၁)နာရီ(၁၅)မိနစ်ခန့် ကြာမြင့်စွာ ချုံနွယ်များ၊ ရေချောင်းများအား ခက်ခဲစွာ ဖြတ်သန်းသွားလာ ကြည့်ရှု့ခဲ့ရကြောင်း အဆိုပါ ကွင်းဆင်းမှုသို့ လိုက်ပါသူ အဖွဲ့ဝင်တစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
ယခင်နှစ်က လယ်ယာပျက်စီးမှုနှင့် ပတ်သက်၍ ကုမ္ပဏီဘက်မှ နစ်နာကြေးပေးခဲ့သော်လည်း ဒေသနေပြည်သူများ၏ အကျိုးစီးပွားကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်မှုမရှိခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများလာနိုင်ခြင်း၊ စိုက်ပျိုးရေးကို အဓိက အားထားရသော လယ်သမားများအနေဖြင့် ရေရှည်တွင် ရပ်တည်ရန် ခက်ခဲလာနိုင်ခြင်းတို့ကြောင့် ရွှေလုပ်ကွက်နေရာများအား ရပ်တန့်၍ အခြားနေရာသို့ ရွေ့ပြောင်းပေးရန် လယ်သမားများမှ လက်မှတ်ရေးထိုးကာ တိုင်စာကို ပေးပို့ခဲ့ကြတာဖြစ်ကြောင်း အဆိုပါကျေးရွာရှိ လယ်သမားတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။
လယ်သမားများ၏ ပြောဆိုချက်အရ ရွှေတူးဖော်သည့် လုပ်ကွက်မှ စီးဆင်းလာသော ရေများနှင့် နှုန်းတင်မှုများကြောင့် လယ်မြေများ ပျက်စီးခဲ့ရပြီး တစ်ခါတစ်ရံ ငါးများ သေဆုံးကြောင်း နှင့် ယခင်က ၎င်းတို့ တစ်ပိုင်တစ်နိုင် အသုံးပြုနေလျှက်ရှိသည့် ရေအားလျှပ်စစ် ဒိုင်နမို (၂၁)လုံးမှာလည်း ယခုအခါမှာ ရေချောင်းများ တိမ်ကောမှု နှင့် ရေစီးရေလာနည်းပါးမှုတို့ကြောင့် အသုံးပြု၍ မရတော့ကြောင်း သိရှိရသည်။
လယ်သမားများနှင့် နားဟိုင်းလုံကျေးရွာရှိ မူလတန်းကျောင်း၌ တွေ့ဆုံဆွေးနွေးစဉ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမှ "လယ်ဧက အမှန်သိရှိစေရန်အတွက် မြေစာရင်းနှင့် ပြန်လည်တိုင်းတာစစ်ဆေးပေးမည်ဖြစ်ပြီး လာရောက်တိုင်းတာတဲ့အခါမှာလည်း လယ်သမားများအနေဖြင့် မိမိတို့ လယ်မြေများကို ကျန်ခဲ့တာများ မရှိရန်အတွက် လိုက်ပြပေးဖို့လိုကြောင်း၊ လယ်သမားတွေဘက်ကလည်း ကိုယ်ခံစားခဲ့ရတာတွေ၊ နစ်နာခဲ့ရတာတွေကို မှန်မှန်ကန်ကန်ပြောပြစေလိုကြောင်း၊ အပြန်အလှန်ဆွေးနွေးရာမှာလည်း မဖြစ်နိုင်တာကိုမပြောဆိုလိုပဲ သဘာဝကျကျ စကားလုံးများကိုသာပြောကြားစေလိုကြောင်း၊ ခုလို အဖွဲ့ပေါင်းစုံက လာရောက်တယ်ဆိုရာမှာလည်း မိမိတို့ အကျိုးစီးပွားအတွက် လာတာမဟုတ်ကြောင်း လယ်သမားတွေရဲ့ အကျိုးစီးပွားအတွက် အဓိကထား ဦးစားပေးပြီး လာရောက်ခဲ့ကြတာဖြစ်ကြောင်း၊ ကုမ္ပဏီဘက်ကလာရောက်ကူညီပေးမယ်ပြောပြီး (၁)ရက် (၂)ရက်လောက်ပဲ လာလုပ်ပေးပြီး ပြီးတဲ့အထိ မလုပ်ပေးရင် ၎င်းတို့ထံ လာရောက်ပြောကြားစေလိုကြောင်း၊ ရွာသားများနှင့် လုပ်ငန်းရှင်များကရော နှစ်ဦးနှစ်ဖက် အကျိုးရှိမဲ့ လုပ်ရပ်များနဲ့ အပြောအဆိုများကိုသာ ဦးတည်ဆွေးနွေးစေလိုကြောင်း" ပြောကြားသွားရာ တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်က ရှမ်းဘာသာစကားဖြင့် ပြန်လည်ရှင်းလင်းပြောကြားပေးပြီး ရွာသူ/သားများနှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပုဂ္ဂိုလ်များက လိုအပ်ချက်များအား အပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တောင်သူလယ်သမား ကိုယ်စားလှယ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များသည် ရွှေလုပ်ကွက်နေရာသို့ မော်တော်ယာဉ်များနှင့် သွားရောက်ခဲ့ကြပြီး လယ်ယာမြေများသို့ စီးဝင်သော ရေတွင် သဲနုန်းများပါဝင်မှု နည်းစေရန်နှင့် အနည်ထိုင်စေရန် အတွက် တည်ဆောက်လျှက်ရှိသော နုန်းတားမည့် ဆောင်ရွက်နေမှုများအား လေ့လာကြည့်ရှုခဲ့ကြပြီး လိုအပ်သော အကြံဥာဏ်များ ရရှိရေးအတွက် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထိုသို့ ဆွေးနွေးစဉ် လုပ်ငန်းရှင်နှင့် လယ်သမားများအကြား အဆင်ပြေစေရန် ပေါင်းကူးဆောင်ရွက်ပေးမည့် ဆည်တည်ဆောက်ရာတွင် အကြံပေးမည့် ကော်မတီတစ်ရပ် နှင့် လယ်ယာမြေပြုပြင်ရာတွင် ကူညီပေးမည့် ကော်မတီတစ်ရပ်တို့ကို ဖွဲ့စည်းရေးအတွက် အကြံပြုဆွေးနွေး၍ သဘောတူညီခဲ့ကြကြောင်း သိရှိရသည်။
အခုအကြိမ် ကွင်းဆင်းစစ်ဆေးမှုတွင် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကော်မတီဝင်များ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပြောဆိုပေးမှုတို့ကြောင့် လယ်သမားများနှင့် ကုမ္ပဏီ နှစ်ဦးနှစ်ဖက် အပြန်အလှန် ညှိနှိုင်းမှုမှာ (၈၀)ရာခိုင်နှုန်းခန့် အောင်မြင်ပြီး ပြေလည်စဖြစ်ပြီဟု ကွင်းဆင်းလေ့လာသူ တစ်ဦးမှ သုံးသပ်ပြောကြားသွားသည်။
ပုံများကိုကြည့်ရန်