မိုင်းကိုး အ.ထ.ကမှ ငါးဘာသာဂုဏ်ထူးရှင် မနန်းအောင်မော်မော်အား ဂုဏ်ပြုဆုငွေများချီးမြှင့်

မိုင်းကိုး အ.ထ.ကမှ ငါးဘာသာဂုဏ်ထူးရှင် မနန်းအောင်မော်မော်အား ဂုဏ်ပြုဆုငွေများချီးမြှင့်
ဇွန် 18, 2013
By Tachileik News Agency

၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအခြေခံပညာအထက်တန်းကျောင်းမှ မနန်းအောင်မော်မော်သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ငါးဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။

မနန်းအောင်မော်မော်သည် မိုင်းကိုးကျေးရွာအုပ်စု ဆီလီငေါက်ကျေးရွာနေ အဘ ဦးဗွေလျံထောင်း၊ အမိ ဒေါ်နန်းနွန်း တို့ မှ ၂၁-၁၂-၁၉၉၇ ခုနှစ်တွင် မွေးဖွားခဲ့သည်။ မူလတန်းကတည်းက ကျေးလက်ကျောင်းဖြစ်သော မိုင်းကိုးကျောင်းတွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ ကျေးလက်ကျောင်းတွင် ကျူရှင်မရှိ၊ ကျောင်းအုပ်ဆရာကြီး ဦးအေးသိန်း၏ အနီးကပ်ကြီးကြပ်မှု၊ ညစာကျက်ဝိုင်းတွင် ဆရာ/ဆရာမများ၏ သင်ပြမှုဖြင့်သာ ထူးချွန်စွာ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် ဒသမတန်း ဘက်စုံလူရည်ချွန်အဆင့်တွင်လည်း နိုင်ငံတော်မှ (၃၄)ဦး ရွေးချယ်ရာတွင် ပါဝင်ခဲ့ပြီး နိုင်ငံခြားလေ့လာရေးအဖြစ် ရွေးချယ်ခံထားရသူဖြစ်သည်။ ` မနန်းအောင်မော်မော်သည် ခုံအမှတ် ရဒ-၁၂၉ ဖြင့် အောင်မြင်ခဲ့ပြီး ဂုဏ်ထူးရရှိသော ဘာသာရပ်များမှာ မြန်မာ ၊အင်္ဂလိပ် ၊ဓာတု ၊ရူပ နှင့်ဇီဝဗေဒ ဘာသာရပ်တို့ဖြစ်သည်။

ထိုကဲ့သို့ ထူးချွန်စွာ အောင်မြင်ခဲ့သည့်အတွက် ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဇွန်(၁၇)ရက်နေ့ ညနေက အဆိုပါကျောင်းသို့ သွားရောက်ပြီး ဂုဏ်ပြုဆု များချီးမြှင့်ရာ မင်းခေတ်သစ် ကုမ္ပဏီမှ ဦးမောင်မောင်မိသားစုက ငွေကျပ် ၅ သိန်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးမိသားစုက ငွေကျပ်၃သိန်း၊ ခရိုင်ရဲမှူးကြီးနေမျိုးထွဋ် မိသားစုက ငွေကျပ် ၁ သိန်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲထူး မိသားစုက ငွေကျပ် ၁ သိန်း၊ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးမြင့်ဦး က ငွေကျပ် ၁ သိန်းခွဲ၊ ပြည်တွင်း အခွန်ဦးစီးဌာနက ငွေကျပ် ၁ သိန်း၊ အကောက်ခွန်ဦးစီးဌာနက ငွေကျပ် ၁ သိန်း၊ အလူလာဟိုတယ် ဦးမြင့်လွင်က ငွေကျပ် ၁သိန်း၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးကျော်စွာလွင် မိသားစုက ငွေကျပ် ငါးသောင်း၊ မဇ္ဈိမလူမှုကူညီရေးအသင်း ဦးတင့်ဆွေက ငွေကျပ် (၃) သိန်း၊ ရေပူစမ်းကျေးရွာ ဦးယေရှဲ ကငွေကျပ် ၁ သိန်း၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့က ငွေကျပ် ၁ သိန်းခွဲ၊ စုစုပေါင်း ငွေကျပ် (၂၀) သိန်းနှင့် ငါးသောင်း ချီးမြင့်ခဲ့ကြောင်း သိရှိရသည်။

သတင်းပေးပို့သူ။           ။ မောင်ဆွေငြိမ်း