မိမိတို့၏ မြို့နယ်များ၊ ကျေးရွာများ အသီးသီးတွင် တစ်ရွာတစ်ပုဒ်ဆန်း ဆိုသည့်အတိုင်း ထူးဆန်းမှုလေးတွေ၊ အံ့သြစရာလေးတွေ တခုမဟုတ် တခုတော့ ရှိနေကြသည်ကို မိတ်ဆွေတို့လည်း အသိဖြစ်ပါလိမ့်မည်။
တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ ၀မ်လုံကျေးရွာအတွင်းမှာ အသက် ၅၆ နှစ်ရှိ ဦးစိုင်းသာဟု အမည်ရှိသည့် မွေးရာပါ မျက်မမြင် ရှမ်းအမျိုးသားကြီးတစ်ဦးသည် မျက်မမြင်ဖြစ်သော်လည်း သာမာန်လူများကဲ့သို့ သွားလာလှုပ်ရှားလျှက်ရှိပြီး၊ အိမ်မှုကိစ္စအ၀၀အပြင် ၀က်စာကျွေးခြင်းများ ကိုလည်း စွမ်းဆောင်နိုင်သူဟု သိရသည့်အပြင် နေအိမ်မှ အခြားနေရာ ၎င်းအိမ်နှင့် အနီးအနားရှိ ဘုန်းကြီးကျောင်းထိ သွားရာမှာလည်း တုတ်အသုံးမပြုပဲ ခြေထောက်ဖြင့် စမ်း၍သာ ငယ်စဉ်ကတည်းကနေ ယခုအထိ သွားလာလှုပ်ရှားလျှက်ရှိကြောင်း သိရှိရ၍ ဦးစိုင်းစွံဆိုင်း၏ အကူအညီဖြင့် ၀မ်လုံကျေးရွာဆီသို့ သွားရောက်ကာ ဦးစိုင်းသာနှင့်တွေ့ဆုံခဲ့ပြီး ၎င်း၏ ထူးခြားချက်များနှင့် ပြောဆိုချက်များကို မေးမြန်းရင်း ဗီဒီယိုမှတ်တမ်းအဖြစ်ရိုက်ကူးခဲ့ပါသည်။
"မသန်သော်လည်း စွမ်းသည်၊ မမြင်သော်လည်း ကြားသည်"ဆိုသည့်အတိုင်း ဦးစိုင်းသာ၏ နောက်ထပ် ထူးခြားချက်တစ်ခုမှာ သီချင်း အဆိုကောင်းခြင်းပင်ဖြစ်သည်။ ၎င်း၏ ကျေးရွာအတွင်း ရှင်ပြုနားသ၊ မင်္ဂလာဆောင် နှင့် အလှူများပြုရာတွင် ဖျော်ဖြေရေး အစီအစဉ်ပါရှိပါက ၎င်းအနေဖြင့် သီချင်းဆိုကာ ဖျော်ဖြေပေးရသည်ဟု ထပ်မံသိရှိရပြန်သည်။
"သီချင်းတွေ ဆိုရတာ အရမ်းဝါသနာပါပါတယ်၊ အလှူတွေမှာလည်း ဖိတ်ရင် ဆိုဖြစ်တယ်၊ သီချင်းကတော့ ရှမ်းသီချင်းတွေပဲ ဆိုတတ်တော့ ဒါတွေပဲ ဆိုဖြစ်ပါတယ်"ဟု ဦးစိုင်းသာမှ ပြောပြပါသည်။
"သီချင်းတွေကို ရေးတတ်ချင်ပေမဲ့၊ အခုလို အခြေအနေနဲ့ဆိုတော့ ကော်ပီသီချင်းတွေပဲ ၀ါသနာအရ ဆိုဖြစ်ပါသေးတယ်"ဟု ၎င်းမှ ဆက်လက် ပြောပြပါသည်။
ဦးစိုင်းသာ၏ ၀ါသနာများကို မေးကြည့်သည့်အခါမှာ သီချင်းဆိုရသည်ကို အလွန်ဝါသနာပါကြောင်း ဖြေပြီး အခုလို သီချင်းတွေဆိုလာတာဟာလည်း သူ့ရဲ့ အဖော်ဖြစ်သည့် ရေဒီယိုကြောင့်ဟု ရယ်မောကာ ခင်မင်ဖွယ် အပြုံးဖြင့် ဖြေကြားလာသည်။
ဦးစိုင်းသာသည် ယခုအခါမှာ အသက် ၅၆နှစ်(၂၀၁၃) ရှိပြီဖြစ်ပြီး လူလွတ်တစ်ယောက်ဖြစ်သည့်အတွက် ၎င်း၏ ဆွေမျိုးအိမ်မှာ နေထိုင်လျှက်ရှိပြီး အားသည့်အခါတိုင်းမှာ ရေဒီယိုတစ်လုံးဖြင့်သာ အဖော်ပြုနေကြောင်း သိရသည်။
ဦးစိုင်းသာအနေဖြင့် လမ်းလျှောက်သည့်အခါ အကူမပါ၊ တုတ်မပါပဲ မည်သို့ လမ်းလျှောက်သည်ကို
မေးမြန်းသည့်အခါ "ဒီလိုပါပဲ.. သွားချင်တဲ့နေရာကို ခြေထိပ်လေးနဲ့ စမ်းပြီးသွားပါတယ်၊ အဲ့လို သွားလာတဲ့အခါမှာ ကားတွေ ဆိုင်ကယ်တွေကို နားကနေ အာရုံစွံ့ပြီးတော့ သွားပါတယ်၊ တခါတလေ ရှေ့မှာ ကား သို့မဟုတ် ဆိုင်ကယ် ဖြတ်တော့မယ်ဆိုရင် တစ်စုံတစ်ယောက်က ကျွန်တော့်ရဲ့ ခြေထောက်ကို ဆွဲထားပြီး သတိပေးသလိုမျိုး ခံစားရပါတယ်၊ တကယ်တော့ ဘေးမှ ဘယ်သူမှ မရှိပါဘူး၊ တခါတလေ အမျိုးတွေနဲ့တွေ့ရင် သူတို့က ရှေ့မှာ ကားလာတော့မယ်၊ ဆိုင်ကယ်လာတော့မယ်ဆိုပြီး လှမ်းအော်ပြောပေးတာလည်း ရှိပါတယ်"ဟု ဦးစိုင်းသာမှ ပြောပြသည်။
လက်ရှိဘ၀အခြေအနေနှင့် ပတ်သက်၍ ဦးစိုင်းသာ၏ စိတ်ခံစားချက်ကို မေးမြန်းသည့်အခါမှာ "မျက်လုံးမမြင်ရဘူးဆိုတော့ အားငယ်မိတာတော့ အမှန်ပေါ့ဗျာ၊ ဒါပေမဲ့ မျက်မမြင်ပေမဲ့ အခုလို ကိုယ်လုပ်နိုင်တာတွေကို လုပ်လို့ရနေတဲ့အတွက်၊ ခြေ၊ လက်၊ နား၊ မျက်လုံးကောင်းပြီး ဘာမှမလုပ်တဲ့ လူတွေထက်စာရင်၊ အဆိုးထက် အကောင်းကို တွေးပြီး ဂုဏ်ယူမိပါတယ်။"ဟု သူ၏ စိတ်ခံစားချက်ကို ဖွင့်ဟလာပါသည်။
ဦးစိုင်းသာ ကဲ့သို့ပင် ဟောင်လိတ်ကျေးရွာအုပ်စုထဲ၌ မျက်မမြင် အဖိုးအိုတစ်ဦးရှိသည်ကိုလည်း
တွေ့ခဲ့ရသည်။ အဆိုပါ အဖိုးအိုမှာ အသက် ၈ နှစ်အရွယ်ကတည်းက မျက်လုံးကွယ်သွားခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ ကျန်းမာရေး အနည်းအငယ် ချို့တဲ့နေတာကိုလည်း တွေ့ရသည်။
မှတ်ချက်။ ။ ဦးစိုင်းသာမှ ပြောကြားထားသော အချက်အလက်များကို မြန်မာ-ရှမ်း နှစ်ဘာသာဖြင့် တင်ဆက်ထားသည့် ဗီဒီယိုအား အထက်တွင် ကြည့်နိုင်ပါသည်။