၂၀၁၃ခုနှစ် ဖေဖော်ဝါရီ(၁၉)ရက်နေ့ နံနက်ပိုင်းက ကျိုင်းတုံမြို့၊ စွံဆပ်ကုန်း၊ ခေမရဋ္ဌဗျာဒိတ်တော်ပေး ရပ်တော်မူဘုရားအနီးမှာရှိတဲ့ ထေရ၀ါဒကျေးဇူးရှင်ကြီး ရှင်အရဟံမထေရ်မြတ် နဲ့အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော် ဖွင့်ပွဲ၊ ရေစက်ချပွဲအဖြစ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အခမ်းအနားမှာ တာချီလိတ်မြို့က နဂါးနှစ်ကောင်ဆရာတော်ဘုရားကြီးအပါအ၀င် မဟာမြတ်မုနိဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်၊ ငွေတောင်ဦးကမ္မဋ္ဌာန်းကျောင်းတိုက်မှ
ကျောင်းထိုင်ဆရာတော်(ကိုယ်စား) နှင့် ၀န်ထမ်းကုန်းဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော်တို့ ကြွရောက်ချီးမြှင့်ခဲ့ကြတဲ့အပြင် ကျိုင်းတုံမြို့က ပင့်ဖိတ်ထားတဲ့ဘုန်းကြီးကျောင်း (၄၈)ကျောင်းအနက် (၄၅)ကျောင်းမှ ဓမ္မောဒယဆရာတော်ဘုရားကြီးအပါအ၀င် ဆရာတော်ကြီးများကိုယ်တိုင် ကြွရောက်ချီးမြှင့်ခဲ့ကြပါတယ်။ ကြွရောက်လာတဲ့ ဆရာကြီးတော်များကို အာရုံဆွမ်းကပ်ခဲ့ကြပြီး နံနက်(၆း၅၅)နာရီမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦး နဲ့ အလင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေတို့က ရုပ်တုတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထွန်းဦးက စက်ခလုတ်နိပ်ကာ ကမ္မည်းကျောက်စာကို ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်။
ဖွင့်လှစ်မှုအစီအစဉ်အပြီးမှာတော့ ပင့်ဖိတ်ထားတဲ့ ဆရာတော်ကြီးများ၊ ကျိုင်းတုံမြို့ရှိ ဌာနဆိုင်ရာများအပါအ၀င် အလှူရှင်များ နဲ့ တာချီလိတ်မြို့က အလှူရှင်များအစုံအလင်တို့က လှူဖွယ်အစုစုတို့အတွက် ရေစက်ချအမျှဝေခဲ့ကြပါတယ်။
ကျိုင်းတုံမှာ ထုလုပ်ကိုးကွယ်ပူဇော်ထားတဲ့ ရှင်အရဟံမထေရ်မြတ်နဲ့အနော်ရထာမင်းမြတ်တို့ရဲ့ ရုပ်တုတော်ကို၂၀၁၂ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့က စတင်ပန္နက်ရိုက်ခဲ့တာဖြစ်ပြီး ၂၀၁၃ခုနှစ် ဇန်န၀ါရီလ(၂၂)ရက်နေ့မှာ ရုပ်တုတော်ထုလုပ်မှုပြီးစီးခဲ့ပါတယ်။ ရုပ်တုတော်ကို ထုလုပ်ကိုးကွယ်ရန်အတွက် ကျိုင်းတုံမြို့ရှိ အလှူရှင်များက ကျပ်ငွေ နှစ်ဆယ့်တစ်သိန်းခြောက်သောင်းခြောက်ထောင်ကျပ် နဲ့ တာချီလိတ်မြို့က
အလှူရှင်များမှလည်း တစ်ဆယ့်သုံးသိန်းခြောက်သောင်းကျပ်တို့ကို လှူဒါန်းခဲ့ပြီး လင်းရောင်ပရဟိတအသင်းရဲ့ နာယကလည်းဖြစ်တဲ့ မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက ကျပ်ငွေ သိန်းတစ်ရာ့သုံးဆယ်ခုနှစ်ထောင့်ရှစ်ရာငါးကျပ် ကို လှူဒါန်းခဲ့ပါတယ်။ ရုပ်တုတော်ထုလုပ်မှုနဲ့ ပြင်ဆင်မှုအပြီးအစီးကို စုစုပေါင်း ကျပ်သိန်း တစ်ရာ့ခြောက်ဆယ့်ငါးသိန်းနှစ်သောင်းခုနှစ်ထောင့်ရှစ်ရာငါးကျပ် အကုန်အကျခံကာ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါရုပ်တုတော်ကိုထုလုပ် ကိုးကွယ်ပူဇော်ရခြင်းနဲ့ပတ်သက်ပြီး မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေက "မြန်မာနိုင်ငံရဲ့ သာသနာအစ ကျေးဇူးရှင်ကြီးများကို အားကျအတုယူစေလိုတဲ့ စိတ်များပေါ်လာစေရန်နဲ့ ကျေးဇူးရှင်တို့ကို ကျေးဇူးမမေ့ပဲ ကျေးဇူးတရားကို အမြဲတမ်း သတိတရဖြစ်ပေါ်နေစေလိုတဲ့ ဆန္ဒ၊ ကျေးဇူးရှင်တို့ကို ကျေးဇူးဆပ်တတ်စေလိုတဲ့ အသိစိတ်ဓါတ်များ ရှိစေရန် စတဲ့ ရည်ရွယ်ချက်များနဲ့ ကျေးဇူးရှင်တို့ရဲ့ ပုံတော်ကို အခုလို ထုလုပ် ကိုးကွယ်ပူဇော်ရခြင်းဖြစ်ပါတယ်"လို့ ပြောကြားလာပါတယ်။
ကျိုင်းတုံမြို့မှာ အဆိုပါရုပ်တုတော်ကို ပူဇော်ခြင်းအနေဖြင့်လည်း ကျိုင်းတုံမြို့က မဟာအနှစ်(လူငယ်)အသင်း၊ တာချီလိတ်မြို့မှ မဇ္ဈိမလူမှုကူညီရေးအသင်း နဲ့ အလင်းရောင်ပရဟိတအသင်းတို့ စုပေါင်းပြီး တိပိဋကဓရ ဆရာတော်ကြီး(၃)ပါးနဲ့ (၄)ညတိုင်တိုင် တရားပွဲကိုလည်း ကျင်းပခဲ့ကြပါတယ်။
ပြီးခဲ့သော ၂၀၁၁ခုနှစ်အတွင်းက မဇ္ဈိမ လူမှုကူညီရေးအသင်းမှ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် တာချီလိတ်မြို့က အလှူရှင်များမှ ထေရ၀ါဒကျေးဇူးရှင်တို့ရဲ့ ရုပ်တုတော်ကို တာချီလိတ်မြို့ရှိ ရွှေတိဂုံကုန်းတော်ပေါ်မှာ ထိုင်းဘတ်ငွေ တစ်သိန်းကိုးသောင်း ခုနှစ်ထောင်ဘတ်တိတိအကုန်အကျခံပြီး ထုလုပ်ပူဇော်ခဲ့ပြီးနောက် ဒုတိယနေရာအဖြစ် ကျိုင်းတုံမြို့မှာ အခုလို ထုလုပ်တည်းထားကိုးကွယ်ထားတာဖြစ်ပါတယ်။
ဆက်လက်ပြီးတော့လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဖြတ်မြို့နဲ့တာလေမြို့နယ်ခွဲမှာလည်း ရုပ်တုတော်ကို ထုလုပ်ကိုးကွယ်ဖို့ အစီအစဉ်ရှိကြောင်းလည်း သိရပါတယ်။
ပုံများကိုကြည့်ရန်