ဝမ်ကောင်းဈေးသည် တာချီလိတ်၏ ၀မ်ကောင်းရပ်ကွက်တွင်ရှိသည်။ လမ်းမကြီးပေါ်မှာတော့ မဟုတ်။ လမ်းကြားလေးထဲက ၀င်ရသည်။ တခြားမြို့ကြီးတွေက ဈေးလောက်တော့ မကြီး။ အလတ်တန်းလောက်တော့ ခန့်မှန်းရနိုင်သည်။ တကယ်တော့ ၀မ်ကောင်းဈေးသည် စည်ပင်သာယာ၏ မြို့မဈေးကြီးဖြစ်သည်။ မြို့မဈေးဆိုသော်လည်း ၀မ်ကောင်းဈေးဟုသာ အခေါ်များသည်။ ရပ်ကွက်က လူတွေက လူတိုင်းနီးနီး ဒီလိုပဲခေါ်သည်။ ၀မ်ကောင်းဈေးသည် မကြီးလှသော်လည်း တာချီလိတ်အတွက် မရှိမဖြစ် နံနက်ဈေးဖြစ်သည်။ နံနက်ပိုင်းတွင် ရပ်ကွက်ကလူတွေ ဒီဈေးမှာပဲ ဈေးဝယ်ကြသည်။ နံနက်(၁၀)နာရီလောက်ကို လူကျဲသွားတတ်သည်။ ဈေးထဲမှာ ဆိုင်ခန်းရှိသည်။ ဈေးနောက်ဖက်နှင့် လမ်းကြားများတွင် အဆင်ပြေသလို ခင်းရောင်းသော ပျံကျဈေသည်များရရှိသည်။
"ဒီဈေးဟာ မနက်စောစောဖွင့်ပေမယ့် ဈေးအပြင်မှာတော့ နံနက်(၄း၃၀)နာရီလောက်ဆိုရင် စည်နေပြီ။ အထူးသဖြင့် ပျံကျဈေးသည်တွေဟာ ဈေးပြင်မှာရောင်းကြပြီး ရောင်းမယ့် သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ၊ ဒေသသုံး စားသုံးကုန်တွေလာခင်းကြတယ်။ ဖယောင်တိုင်မီးလေးတွေနဲ့ပေါ့။ သူတို့က တာချီလိတ်မြို့ အနီးအနားနဲ့ တောင်ပေါ်ကနေ စိုက်ပျိုးထားတဲ့ သီးနှံနဲ့ ဟင်းသီးဟင်းရွက်တွေ လာရောင်းကြတာ၊ နံနက်(၄း၃၀)ဆိုရင် သူတို့အတန်းကစည်နေပြီ၊ မိုးလင်းတာနဲ့ ဈေးဝယ်တွေကျလာတတ်တော့ သူတို့က စောစောခင်းတတ်ကြတယ်"ဟု အနေကြာဈေးသည် မိတ်ဆွေတစ်ဦးက ပျံကျတန်း၏ နံနက်စောစော အကြောင်းရှင်းပြသည်။ ခုံလေးတွေနဲ့ ခင်းပြီးရောင်းသလို မြေပေါ် အခင်း ခင်းပြီးရောင်းချသူများလည်း ရှိသည်။ ငှက်ပျောရွက်ရောင်းသူများလည်းရှိပြီး၊ ဤဒေသသည် ငှက်ပျောရွက်အသုံးပြုသူများသည်။ သင်္ကြန်လိုအခါမျိုးတွင် အိမ်တိုင်းမုန့်ဖက်ထုပ်လုပ်ကြ၍ ငှက်ပျောရွက်ဈေးတက်တတ်သည်။ အခုတော့ ပုံမှန်ဈေးပဲလားမသိ။
ဈေး၏ ပတ်လည်တွင် ကားဂိတ်တွေရှိသည်။ တာလေ၊ မိုင်းလင်း၊ ပါလျှိုး ကျိုင်းလပ်စသည့် ရပ်ဝေးက ကားတွေဖြစ်ပြီး ဈေးလာရောင်းပြီး ဈေးသုံးပြန်ကြသည်။ မဟာမြတ်မုနိ ဘုန်းကြီးကျောင်းဘက်တွင် ထော်လာဂျီဟုခေါ်သည့် ဒေသသုံး အီတဲန်များရပ်ထားသည်။ သူတို့လည်း တာချီလိတ်ပြင်ပရှိ ကျေးရွာကြီးများမှ လာခြင်းဖြစ်ပြီး ဈေးရောင်း ဈေးသုံးပြန်ကြသည်။. အီတဲန်တွေက တန်းစီနေကြသည်။ ၀မ်ကောင်းဈေးတွင် တိုင်းရင်းသားပေါင်းစုံတွေ့ရသည်။ ၀မ်းကောင်းဈေးတွင် တောကောင်သားတွေ ရောင်းချတတ်ကြသည်။ တောင်ယာပြီးချိန်တွင်
တောကောင်သားပိုများသည်။ သူတို့ အမဲလိုက်ရာမှရရှိလာသော တောကောင်များကို လာရောင်းကြခြင်းဖြစ်ပြီးထူုးဆန်းသော တောကောင်သားများရရှိနိုင်သည်။ တာချီလိတ်ဝန်းကျင်တွင်တောတောင်များက နေရာအနှံ့ရှိနေသည်။။
"တစ်ခါတလေ အမွေးတုတ်တုတ်နဲ့ အသားနီနီ တောကောင်တွေလည်း ရောင်းတတ်တယ်။
မေးမှဘာကောင်လဲ သိရတတ်တယ်၊ ခပ်များများကတော့ တောဝက်၊ ဂျီ၊ ဆတ်၊ ပွေး၊ လိပ်၊ သင်းခွေချပ်၊ ဖွတ် တွေရှိတတ်တယ်၊ အကောင်စုံတော့ မရှိပါဘူး၊ ရတဲ့ဟာလာရောင်းတော့ တစ်နေ့နှစ်မျိုး သုံးမျိုးလောက် တွေ့ရတယ်။" ၀မ်ကောင်းဈေးတွင် အနေကြာပြီဖြစ်၍ ရှင်းပြသူ၏ စကားတွင် အပိုမပါနိုင်ဟု ထင်သည်။ သား ငှက် တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးတွေ လာရောင်းတဲ့ လူတွေ သိပါသလား၊ သူတို့ကတော့ တောင်ယာလယ်လုပ်ငန်းပြီးချိန်၊ အားလပ်ချိန်တွင် အပိုဝင်ငွေအဖြစ် အမဲလိုက်ခြင်းသာ သိပါလိမ့်မည်။ ကျန်တာသိမည့်ပုံမပေါ်၊ ရသောငွေဖြင့် အိမ်စားဖို့ သုံးဖို့နည်းနည်းပါးပါးရလျှင်တော်ပြီး အမဲလိုက်တာ နေ့တိုင်းရတာမဟုတ်ဟု ပြန်ရှင်းပြကြမှာလားမသိ။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေကတော့ လတ်လတ်ဆတ်ဆတ်ဖြစ်ပြီး နံနက်(၆)နာရီ ၀မ်ကောင်းဈေးက ဆူညံ၍ အသက်ဝင်ပြီဖြစ်သည်။
"ဒီမှာ ထိုင်းတွေလည်း ဈေးလာရောင်းကြတယ်။ မနက်ဆို နံနက်(၆)နာရီ တံတားဖွင့်တာနဲ့ တံတားပေါ်ကဖြစ်လာပြီး လာရောင်းကြတာပေါ့။ လှည်းတွေ ဆိုင်ကယ်တွေနဲ့လာလေ့ရှိတယ်။ ထိုင်းကဈေးသည်တွေမှာ အများဆုံးက ဟင်းသီးဟင်းရွက်သည်တွေပဲ ပြီးတော့ အသားလုံးအမျိုးမျိုး ပင်လယ်စာတွေ ထိုင်းရိုးရာအထောင်းတွေများတယ်။ ထိုင်းဟင်းသီးဟင်းရွက်က ဒီမှာ အဓိကကျပြီး ကျန်တာ ဒေသတိုင်းရင်းသားတွေ စိုက်တယ်လို့ ဆိုနိုင်တယ်။ ထိုင်းက မ၀င်နိုင်ရင် ဈေးဝယ်တွေ ဟင်းသီးဟင်းရွက်မျိုးစုံ မရနိုင်တတ်တာ တွေ့ရပါတယ်" ၀မ်ကောင်းဈေးတွင် အသားစုံသည်။ လေလံဆွဲ၍ ယူထားသော အသားတွေရှိသည်။ ၀က်သားက နည်းနည်းနောက်ကျလျှင် ကုန်တတ်သည်။ ကြက်၊ ငါးတွေက ဈေးပြင်တွင်ရောင်းကြသည်။ စည်ကားသော အတန်းများဖြစ်သည်။ အသားတွေကို ကီလိုခွက်တွေနဲ့ ရောင်းကြခြင်းဖြစ်ပြီး "ဘတ်"ငွေသုံးကြသည်။ ကျပ်ပေးလျှင် ပေါက်ဈေးတွက်ပြီး အမ်းပေးတတ်သည်။ အားလုံးသည် ကီလိုသုံးကြပြီး ပိဿချိန် မသုံးကြ။ မှုံညင်း၊ ငရုတ်သီးစိမ်း၊ မုန်လာဥ၊ ဂေါ်ရခါးသီးက အစ ကီလိုခွက်နှင့် ချိန်ပြီးရောင်းကြသည် တစ်ကီလိုလျှင် (၆၅)ကျပ်သား ခန့်ရှိသည်။
ဝမ်ကောင်းဈေးတွင် မြေပြန့်ဒေသက လာသော ကုန်ပစ္စည်းရောင်းသူများလည်း အများအပြားရှိသည်။ အားလုံးက ကားလမ်းကလာကြသည်ဟု ဆိုသည်။ မိတ္ထီလာ ကုန်တင်ယာဉ်များလည်းရှိသည်။ "မြေပြန့်ဒေသကုန်တွေက ငါးပိ၊ ငါးခြောက်၊ ငရုတ်သီးခြောင်း၊ ကုလားပဲ၊ ပုဇွန်ခြောက်၊ ပဲနီ၊ ကြာဇံ၊ ငါးသေးခြောက်၊ ကြက်သွန်စတဲ့ကုန်ခြောက်တွေများတယ်။ အားလုံးပုံမှန်ဈေးဖြစ်ပြီး ဒီမှာအတက်အကျသိပ်မရှိပါဘူး၊ ဆီဈေးတက်ပြီး ကားခတက်မှ မြေပြန့်ဒေသကုန်တွေ ဈေးတတ်တယ်။ အခုလောလောဆယ် ဈေးမှာ လူစည်ပေမယ့် အရောင်းအေးပါတယ်။" မြေပြန့်ဒေသ ထွက်ကုန်ရောင်းသူ၏ ရှင်းပြချက်အရ မြေပြန့်ဒေသထွက်ကုန်များကို ၀မ်ကောင်းဈေးအပြင် မြို့ထဲက ဈေးတွေနဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်ရှိ ဈေးကြီးနှင့် ညနေဈေးတွေမှာလည်း
ဈေးသည်များရောင်းကြသည်။ မယ်ဆိုင်တွင် အလုပ်လုပ်သူတွေကလည်း မနည်းမနောရှိနေပြီး၊ မြေပြန့်ဒေသကုန်ခြောက်ကို တခုတ်တရကြိုက်သော "ထိုင်း"များလည်းရှိဟု ဆိုသည်။
”မြေပြန်ဒေသ ကုန်ထဲက အပေါ်လိုင်းဖြစ်တဲ့ ကွမ်းသီး၊ ကွမ်းရွက်ကတော့ လေယာဉ်နဲ့လာတယ်၊ ကွမ်းယာဆိုင်များတော့ အရောင်းသွက်ပြီး ကားနဲ့လာရင် ရက်ကြာပြီး ကွမ်းရွက်မခံနိုင်တော့ ကားနဲ့တင်လို့ ၊ မရဘူး၊ ဒါကြောင့် "ကွမ်း”ကတော့ မြေပြန့်ဒေသကုန်ထဲမှာ ထူးထူးခြားခြား ကုန်ပစ္စည်းတစ်ခုပါပဲ" မြေပြန့်ဒေသကုန် ကုန်ခြောက်ရောင်းသူများမှာလည်း မနည်းပင်၊ အတန်းတိုင်းတွေ့ရတတ်ပြီး ဆိုင်ကြီး၊ ဆိုင်ငယ်အဖြစ်သာ ကွဲပြားသည်။ ၀မ်ကောင်းဈေးတွင် နံနက်တိုင်းလူစည်တတ်သည်မှာ ရိုးရာမနက်ဈေးရောင်းချသည့် ဈေးသည်များဖြစ်သည်။ ကောက်ညှင်း၊ နမ်တုံ၊ တို့ဖူးအစရှိသည့် နေရာများနှင့် ချက်ပြီးသားကို လာရောင်းသည့် အသားကြော်၊ ငါးကြော်နှင့် ဟင်းအမျိုးမျိုးရောင်းချသည့် နေရာများဖြစ်သည်။ နံနက်ဆိုဒီနေရာနှင့် သားငါး ဟင်းသီးဟင်းရွက်ဆိုင်တွေက အစည်ဆုံးဖြစ်သည်။ ဈေးထဲက အ၀တ်အထည်နှင့် ဆိုင်ခန်းဖြင့်ရောင်းသူတွေကတော့ တစ်ရက်လုံးဖွင့်တတ်ကြသည်။
“၀မ်ကောင်းဈေးက ဈေးမိသားစုနဲ့ ဆိုင်ကယ်တက္ကစီအသင်းက တစ်နှစ်တစ်ခါ သင်္ကြန်ရှေ့မှာ ရှင်ပြ၊ ရဟန်းခံပွဲပြုလုပ်လေ့ရှိပါတယ်။ အပါး(၅၀)ကနေ အပါး(၈၀)အထိပေါ့၊ ကုန်ကျငွေကိုတော့ နေ့တိုင်းဈေးသားတွေ ဆိုင်ကယ်တက္ကစီတွေက တစ်ရက်(၅)ဘတ်ကနေ စေတနာရှိသလောက်ထည့်ပြီး စုထားရတယ်။ အပြင်လူတွေလည်း ထည့်ကြတယ်။ ရတဲ့ငွေကို ရှင်ပြုဖို့ မတတ်နိုင်တဲ့သူတွေ အဓိကထားပြုလုပ်ပေးပြီး နှစ်တိုင်းစည်ကားပါတယ်”၀မ်ကောင်းဈေးမှ ဈေးမိသားစုဝင် လူကြီးတစ်ဦးကလည်း ၀မ်ကောင်းဈေးအလှူအကြောင်းရှင်းပြသည်။ နှစ်စဉ်ပိုမိုစည်ကားလာသည်ကတော့ အမှန်။ လှူဖို့အတွက် တစ်နှစ်လုံး သူတို့ မူးစုပဲစု စုကြရသည်။ အလှူတွင် ရင်ထဲကအပျော်များကို အားလုံးထံတွင်တွေ့ရတတ်သည်။
ဝမ်ကောင်းဈေးသည် ချိုင့်ဝှမ်းငယ်လေးထဲတွင်ရှိ၍ မိုးရာသီမှာ မိုးရေများပါက အနီးရှိချောင်းမှ ရေလျှံတတ်ပြီး နှစ်စဉ်နီးပါး ရေကြီးတတ်သည်။ ရေက တစ်ခါတစ်ရံညကြီး သန်းခေါင်းကြီးတတ်၍ ပစ္စည်းတွေဆုံးရှုံးတတ်သည်။ ဒီနှစ်လည်း ရေ၀င်ခဲ့ပြီးပြီဖြစ်သည်။
ရေကြီးပြီးတော့လဲ နောက်နေ့ပြန်ရောင်းသည်သာ၊ ရေမကြီးအောင် ဈေးကအများကြီးမြှင့်တင်မှဖြစ်မည်။ အဲ့လောက်ထိတော့ မဖြစ်နိုင်သေး၊ မျှော်လင့်ချက်လေးတွေတော့ ရှိကြမည် ဖြစ်သည်။ မိုးမရွာသော်လည်း ဈေးထဲမှာ ရေတွေရှိတတ်သည်။ ဈေးက အသက်နည်းနည်း ထောက်လာပုံပေါ်သည်။ နုပျိုသောနေရာတွေလည်း ရှိသည်။
တာချီလိတ်တွင် ၀မ်ကောင်းဈေးအပြင် ပုဂ္ဂလိကဈေးများမှာလည်း ရပ်ကွက်များတွင် ပုန်းထွန်ဈေး၊ ဆန်ဆိုင်းတွင် ညနေဈေးခေါ် ရှမ်းဈေး၊ ပါလျှံတွင် ကိုဘိုချိုဈေး၊ ပါလျှံ(၁)ဈေး၊ ၀ိန်းကျောက်တွင် အာခါဈေး တို့ဖြစ်သည်။ သူတို့ဖောက်သည်များဖြင့် ဈေးတိုင်းကတော့ သူ့ဟာသူ စည်ကားကြတာချည်းပင် ဖြစ်သည်။ တာချီလိတ်ဈေးဝယ်များသည် ညနေ(၃)နာရီခန့်တွင် ရှမ်းဈေး(ခေါ်)ဆန်ဆိုင်းဈေးသို့ ဈေးသွားသုံးကြသည်။ ဆန်ဆိုင်းဈေးသည် မှောင်သည်အထိ လူစည်ကားသည်။ ရှမ်းဈေး၏ ညနေဈေး၊ အာခါဈေးနှင့် ကိုဘိုချိုဈေးတို့သည် စိတ်ဝင်စားစရာကောင်းလှသည်။
မှတ်ချက်။ ။ ၁၇.၁၂.၂၀၀၉ခုနှစ် Weekly Eleven မှာ ထည့်သွင်းရေးထားခဲ့သော ဆုလဏီး(တာချီလိတ်)၏ ဆောင်းပါးအား မူရင်းအတိုင်း ဆောင်းပါးရှင်၏ ခွင့်ပြုချက်အရ ပြန်လည်၍ တင်ပြခြင်းဖြစ်ပါသည်။