အကြံပြုလွှာများကို ကောက်နှုတ်မဖော်ပြမှီ ဦးစွာ ကျွန်တော့်အနေဖြင့် ပြောကြားလိုသည်မှာ တာချီလိတ်အွန်လိုင်းဖြစ်တည်လာပုံလေးပါ။ tachilik.net အမည်ရှိတဲ့ Domain name ကို ၂၀၀၉ခုနှစ် နိုဝင်ဘာ(၂၅)ရက်နေ့က စတင်ဝယ်ယူထားပြီး စာများကိုတော့ နိုဝင်ဘာ(၃၀)ရက်နေ့မှာ ရေးခဲ့ပါတယ်။
tachileik.net အနေဖြင့် ပြုလုပ်ရခြင်းမှာ အထူးရည်ရွယ်ချက်ကတော့ တာချီလိတ်နဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ အကြောင်းအရာတွေ၊ တည်နေရာလေးတွေ၊ သမိုင်းကြောင်းရာလေးတွေ နဲ့ တိုင်းရင်းသားလူမျိုးများအကြောင်း စတာတွေကို တာချီလိတ်ပုံရိပ်များအဖြစ် အားရင်အားသလို ဖော်ပြပေးသွားမည့် ရည်ရွယ်ချက်မျိုးပါ။ သို့သော်လည်း ၂၀၁၂ခုနှစ်ထဲမှာ မထင်မှတ်ပဲ သတင်းအဖြစ် ကူးပြောင်းဖြစ်ခဲ့ပါတယ်။ ၂၀၀၉ခုနှစ်က လွှင့်တင်ခဲ့သည်ဆိုသော်လည်း ပိုစ့်များ Update မဖြစ်ခဲ့သည်မှာ ခရီးထွက်နေကတစ်ကြောင်း အချိန်မအားမလပ်သည်က တစ်ကြောင်းကြောင့် စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၂မှ ပြန်လည်၍ tachileik.net ဟာ အသက်ဝင်လာသလို ဖြစ်စေခဲ့ပါတယ်။
ယခု ခေတ်ကာလသည် သတင်းနှင့်ပတ်သက်၍ ဖုံးကွယ်ထား၍ မရပါ။ သတင်းတစ်ခုဖြစ်ပေါ်ရာ၌ မိမိတို့ဘက်က ပြည်သူများကို သတင်းမပြန်ထုတ်ပါက ပြည်သူများအနေဖြင့် ၎င်းတို့ကြားသမျှ ကောလဟလသတင်းများအပေါ်ကိုသာ အတည်ပြုမှတ်ကြတာများကြပြီး တဆင့် တဆင့်ဖြင့် ပြန့်လွယ်စေပါတယ်။ ထိုအခါမှာ သတင်းမှန်နေရင် ကိစ္စ မရှိပဲ မှားနေပါက ဌာနဆိုင်ရာလူကြီးမင်းများ အနေဖြင့် နာမည်ပျက်စေပါတယ်။ မူးယစ်ဖမ်းဆီးသတင်းများ မှုခင်းသတင်းများစသည့် သတင်းများကို ပြည်သူလူထုအကြား မပြန်ကြားပဲ အထက်သို့တင်ရုံဆိုပါက အထက်လူကြီးသာ သိကြမှာဖြစ်ပြီး ပြည်သူများအဖို့ သိဖို့ရာမလွယ်ကူပါ။ ထို့အတူ ပြည်သူများကလည်း လူကြီးမင်းတို့၏ လုပ်ဆောင်ချက်များကို မသိကြတော့ပဲ ယခင်က အတိုင်း အဆိုးမြင်ဝါဒများ ဆက်လက်ရှိနေမှာ မလွဲပါ။ ပြည်ထဲရေ၀န်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲတစ်ခုမှ ပြောကြားချက်တစ်ခုမှာ " သတင်းနဲ့ ပတ်သက်လာလျှင် ပြည်သူတွေကို အရင်ချပြဖို့လိုကြောင်း"ကို ဖတ်ရှုခဲ့ဖူးပါတယ်။ ထို့ကြောင့် သတင်းကို ပြည်သူများသိစေရန်အတွက် tachileik.net သို့ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်ခင်ဗျာ။
ဦးစွာအနေဖြင့် သူငယ်ချင်း ကိုနေ၀န်းရဲ့ တာချီလိတ်အွန်လိုင်းစာမျက်နှာ အတွက် အမှတ်တရ ကဗျာလေးကို ဖော်ပြလိုက်ပါရစေ
ချီ ......တက်ခဲ့ တဲ့ သုံး နှစ် ခရီး
လိတ် .....တက်စ် တွေ နဲ့ update ဖြစ်ရဲ့....
အွန် .......လိုင်းက တာချီလိတ် မှတ်တိုင်
လိုင်း ......များစွာထဲ က နှစ်သက်ရသော
စာ .....မျက်နှာ တစ်ခု.....
မျက် .....လုံးတွေ ပွင့်စေသူ
နှာ ....တစ် ဖျား အသာနဲ့
သုံး..... နှစ်တာ ကြိုးပမ်းမှု......
နှစ်.....သက် အာပေးမှုတွေနဲ့
ပြည့် .....ဝ သော အားမာန်ရခဲ့သူ.......
အ ....သစ် အသစ် တွေ
မှတ် .....တမ်းတင်
တ .....ခုတ် တရ ဖတ်ကြည့်ရသော
ရ ......နံ့သစ် တွေ သယ်ဆောင်လာသူ....
**************
ကဗျာလေးအတွက် ကျေးဇူးအထူးပါ ကိုနေ၀န်း။
ဖြေရန်လိုအပ်သည့် အကြံပြုချက်များကို ဖော်ပြလိုက်ပါတယ်..
Sai Sheng Hein ။ ။လိုအပ်ချက်တွေအများကြီးပါ......တာချီလိတ်ကမြို့သေးသေးလေး... သတင်းကသိပ်မရှိဘူး.......... အနယ်နယ်အရပ်ရပ်ကထူးခြားသတင်းတွေ.... Internatioal သတင်းရပ်ဝန်းကအကျိုးရှိတာလေးတွေတင်စေချင်တယ်။။။ဥပမာ Obama မြန်မာပြည်လာတဲ့ အကြောင်းတွေ ဘာဘာညာညာ... နည်းပညာသတင်း..ဒါမျိုးသတင်းတွေတင်မှ..၀င်ကြည့် တာများလာမှာပါ...... အခုဟာ က..ရာမဖမ်းမိတဲ့ သတင်းနဲ့ တရားပွဲ ဒီ၂ခုပဲတွေ့ တာများတယ်........
Moekyashweco Myanmar ။ ။တာချီလိတ် အွန်လိုင်းစာမျက်နှာရဲ့ Fan တစ်ယောက်ပါ ကိုယ့်မြို့က ထောင်ထားတာဆိုတော့ စိတ်ဝင်စားတယ် အားလည်းပေးတယ် ဒါပေမယ့်အခုနောက်ပိုင်း အားမရတာတွေများလာတယ် တို့ပရိသတ်တွေ သိချင်တဲ့သတင်းက သာရေးနာရေးသတင်းတွေမဟုတ်ဘူး ဆိုင်းဘုတ်ဖွင့်ပွဲသတင်းတွေမဟုတ်ဘူး ဆွေးနွေးပွဲသတင်းတွေမဟုတ်ဘူး သင်တန်းပေးတဲ့သတင်းတွေမဟုတ်ဘူး ဒါမျိုးသတင်းတွေကို နိုင်ငံပိုင်သတင်းစာတွေက နှစ်ပေါင်3း0နီးပါးသုံးခဲ့ပြီးပြီလေ အခုနောက်ပိုင်းနိင်ငံပိုင်သတင်းစာတွေတောင်မှ ပြည်သူလူထုစိတ်ဝင်စားမယ့် သတင်းမျိုးကို ဦးစားပေးဖော်ပြလာတာတွေ့ရတယ် အဲဒီတော့ တာချီလိတ်အွန်လိုင်းစာမျက်နှာကို ရှေးရိုးစွဲသတင်းဌာနမျိုးမဖြစ်စေချင်ဘူး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတင်းတွေကို မလိုက်နိုင်ဘူးဆိုတာ ယုံတယ် ဒါပေမယ့် တို့မြို့ရဲ့ နိင်ငံရေးပြောင်းလဲမှု စီးပွားရေးပြောင်းလဲမှု လူမှုရေးပြောင်းလဲမှု အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ တို့နိုင်ငံက ဘာတွေလဲ လတ်တလောမှာ ဘာတွေလဲ ဒါတွေကို သိချင်တာ ကြားချင်တာ....ပရိသတ်တစ်ယောက်ချင်းစီရဲ့အမြင်ကတော့ တူမှာမဟုတ်ဘူး အခုလိုပြောရတာက ပရိသတ်တစ်ယောက်အနေနဲ့ ဖြစ်ချင်တာလေးကို လွတ်လပ်စွာပြောပြတာပါ ဒါ့ထက် တာချီလိတ်အွန်လိုင်းစာမျက်နှာကို တို့မြို့တင်မက တစ်နိုင်ငံက စိတ်ဝင်စားတဲ့ စာမျက်နှာဖြစ်စေချင်တယ် မင်းတို့တာချီလိတ်အွန်လိုင်းစာမျက်နှာက အာပလာကြီးပါကွာ သာရေးနာရေးဆိုဒ် ပါလို့ ပြောခံရရင် ငါတို့လည်း ငါတို့မြို့ကို ထိရင်မခံချင်ဘူး နိဂုံးအနေနဲ့ လွတ်လပ်မှုကို မြတ်နိုးသော အမှန်တရားကိုတန်ဖိုးထားသော လူငယ်တစ်ဦးအသွင် တက်ကြွရဲရင့်စွာ ရှေ့ဆက်စေချင်ပါတယ် ကျေးဇူးတင်ပါတယ်
tachileik.net မှ တာချီလိတ်သတင်း သီးသန့်အဖြစ် ဖော်ပြခြင်းနဲ့ပတ်သက်၍
tachileik.net အမည်ပေးထားတာနဲ့အညီ နဂိုစိတ်ကူးလည်းဖြစ်သလို တာချီလိတ်မြို့ကို ကိုယ်စားပြုစေရန်အတွက်လည်းဖြစ်တာကြောင့် tachileik.net ဆိုပြီး အမည်နာမပေးခဲ့တာဖြစ်ပါတယ်။ tachileik.net ရဲ့ အဓိက ဖော်ပြရန် ရည်ရွယ်ချက်မှာ တာချီလိတ်ခရိုင် အတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းများ အချက်အလက်များကို လက်လှမ်းမီသလောက် တက်နိုင်သလောက် သတင်းယူပြီး ဖော်ပြပေးနိုင်ဖို့ပါ။ တိုးချဲ့သတင်းအနေနဲ့ တာချီလိတ်နဲ့သက်ဆိုင်တဲ့ ထိုင်းဘက်က သတင်းတွေကိုလည်း ပြန်လည်ဖော်ပြပေးပါတယ်။
tachileik.net ကို စာဖတ်သူများပြားလာစေရန်အတွက် တာချီလိတ်နဲ့မသက်ဆိုင်တဲ့ သတင်းတွေကို တင်ဖို့ အစကတည်းက စိတ်ကူးမရှိခဲ့ပါ။ အကြောင်းပြချက်မှာ tachileik.net မှာ တာချီလိတ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို သီးသန့်ဖော်ပြပေးချင်တဲ့ စေတနာကြောင့်ပါ။ တာချီလိတ်က ပြည်သူ/သားများ၊ တာချီလိတ်ကို စိတ်ဝင်စားတဲ့ တခြားမြို့နယ် တခြားနိုင်ငံက မြန်မာ ပရိသတ်များအတွက် တာချီလိတ်နဲ့ သက်ဆိုင်တဲ့ သတင်းတွေကို ဖတ်ချင်ရင် tachileik.net မှာပဲ တစုတစည်းတည်း ဖတ်နိုင်ရန်ဖြစ်ပါတယ်။
တာချီလိတ်သတင်းနဲ့မသက်ဆိုင်တဲ့ သတင်းတွေဖြစ်တဲ့ နိုင်ငံတကာသတင်းတွေ နည်းပညာတွေ မြန်မာပြည် အထက်/အောက်က သတင်းတွေကို တခြားအွန်လိုင်းသတင်းတွေမှာ ဖော်ပြပေးနေသည်မှာ အများအပြားတွေ့နေရသလို သတင်းတစ်ပုဒ်ကို သတင်းဌာန ၄-၅ခုမှာ တင်ထားတာတွေ တွေ့နေရပါတယ်။ အဲ့ဒီလို သတင်းတွေကို ပြန်လည်ယူပြီး တင်ပြနေကြသည်မှာ မခက်ခဲပါ။ tachileik.net မှာလည်း အဲ့လိုသတင်းတွေကို ယူတင်လို့ရပါတယ်။ သို့သော်လည်း အဲ့လို သတင်းတွေကြောင့် တာချီလိတ်သတင်းတွေနဲ့ မရောသွားစေချင်တာရယ် အထက်မှာ ပြောခဲ့တဲ့အတိုင်း တာချီလိတ်နဲ့ပတ်သက်တဲ့ တာချီလိတ်သတင်းသတင်း သီးသန့်အဖြစ် ရပ်တည်စေလိုတာကြောင့်ဖြစ်ပါတယ်။
tachileik.net မှာ စာဖတ်သူတွေ လူဝင်လူထွက်များစေရန်အတွက် အကြံပြုချက်ထဲကအတိုင်း တာချီလိတ်နဲ့မသက်ဆိုင်တဲ့ သတင်းတွေကို ဖော်ပြပေးရန်မှာ မခက်ခဲပါ။ ကွန်ပျုတာရှေ့ထိုင်ပြီး သတင်းတွေကို ကော်ပီကူးယူပြန်လည်တင်ပြ လို့ရပါတယ်။ တာချီလိတ်သတင်း သီးသန့်ဖြစ်ဖို့အတွက်က လူပင်ပန်း စိတ်ပင်ပန်းစေရတယ်။
tachileik.net က တာချီလိတ်မှာပဲ အခြေချပြီး လွှင့်တင်နေတာဖြစ်တဲ့ အတွက်ကြောင့် အသုံးအနှုန်းမှားတာမျိုးတွေ အချက်အလက်နည်းနည်းမှားတာမျိုးတွေဆိုရင် တဖက်လူက ပြသနာရှာလာတာမျိုးတွေ ဖြစ်စေတတ်ပါတယ်။ ထို့အတူ tachileik.net မှာ လွှင့်တင်ထားတဲ့ သတင်းများနဲ့ပတ်သက်ပြီး tachileik.net တည်ထောင်သူက တာဝန်အပြည့်ယူမှာဖြစ်ပါတယ်။ မည်သို့ဖြစ်စေ tachileik.net အနေဖြင့် စေတနာအရင်းခံကာ တာချီလိတ်သတင်းများကိုသာ သီးသန့် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
အကြံပြုချက်ထဲမှာ အကြံပြုထားတဲ့အတိုင်းပါပဲ tachileik.net အနေဖြင့်လည်း စဉ်းစားခဲ့ဖူးပါတယ်။ ဌာနဆိုင်ရာ သတင်းတွေပဲ တင်နေရလို့ စာဖတ်သူကို အားနာမိပါတယ်။ tachileik.net လို့ အမည်ခံထားတာနဲ့ အညီ တာချီလိတ်နဲ့သက်ဆိုင်တဲ့ သတင်းတွေကိုပဲ ဆက်လက် ဖော်ပြပေးဖို့ပဲရှိပါတယ်။ တာချီလိတ်မြို့က ကျဉ်းပါတယ်။ သတင်းနဲ့ပတ်သက်၍ သိပ်မရှိပါ။ အခမ်းအနားသတင်း၊ ယာဉ်တိုက်မှု သတင်း၊ မူးယစ်ဆေးဝါးဖမ်းမိသတင်း၊ သာရေး/နာရေးသတင်း၊ ဘာသာရေးသတင်း၊ တာချီလိတ်မြို့ထဲမှာ ရှိတဲ့ လူမှုရေးအသင်းအဖွဲ့/ပရဟိတသတင်း စတာတွေအပြင် ထိုင်းနိုင်ငံ မယ်ဆိုင်/မယ်ကျန့်/ချင်းရိုင်း စသည့်ဖက်က တာချီလိတ်နဲ့သက်ဆိုင်တဲ့ သတင်းများကိုသာ ဖော်ပြပေးဖို့ပဲ ရှိပါတယ်။ အဲ့လိုသတင်းတွေမှ မဖော်ပြရင် တာချီလိတ်နဲ့ပတ်သက်တဲ့ သတင်းမရှိပါ။
ဌာနဆိုင်ရာ အခမ်းအနားသတင်းမျိုးတွေ ၎င်းတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြခြင်းနဲ့ ပတ်သက်၍ အထူးမေတ္တာရပ်ခံလိုသည်မှာ tachileik.net သည် မည်သည့် ဌာနများမှ အထောက်အပံ့ရယူထားပြီး လုပ်ဆောင်နေခြင်းမဟုတ်ပဲ တစ်ဦးတစ်ယောက်တည်းအနေဖြင့်သာ ၀ါသနာအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်းကို အထူးသိစေလိုပါတယ်။
Aaron Tun တိုင်းရင်းသား လူမျိုးစုငယ်များ (ဥပမာ - ရှမ်း၊ အာခါ၊ လားဟူ) ရဲ့ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့များကို လည်း၊ အလျဉ်းသင့်သလို၊ ဖေါ်ပြပေး စေလိုပါတယ် ခင်ဗျား။ ကျေးဇူးတင်လျက်...အားပေးလျက်...
Ye Myint Oo Ymofm တာချီလိတ်ကို လာချင်အောင် တာချီလိတ်ရဲ့ အလှအပပုံတွေနဲ့ စိတ်ဝင်စားဖွယ်နေရာတွေအကြောင်း သတင်းဆောင်းပါးလေးတွေကိုလည်း facebook မှတဆင့် ဖော်ပြစေချင်ပါတယ်
ဟုတ်ကဲ့ပါခင်ဗျာ tachileik.net အနေဖြင့် တာချီလိတ်မြို့မှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ ဓလေ့စရိုက်များနဲ့ တာချီလိတ်ရဲ့ စိတ်ဝင်စားဖွယ်နေရာများကို အချိန်ရရင် ရသလို ဖော်ပြပေးသွားဖို့ အစီအစဉ်ရှိပါတယ်။
ဆက်လက်၍ မှတ်ချက်တစ်ချို့ကို ကောက်နှုတ်ဖော်ပြပေးပါရစေ
Ko Ye တာချီလိတ်အွန်လိုင်းစာမျက်နှာ တည်ထောင်ခြင်းအတွက်၊ အကြောင်းအမျိုးမျိုးကြောင့် တာချီလိတ်မြို့မှ အဝေးတစ်နေရာရောက်ရှိနေသူများ အတွက်လွမ်းဆွတ်သတိရစေခြင်၊ တာချီလိတ်မြို့ကို မရောက်ဖူးသေးတဲ့သူများ အတွက်လည်း မြို့ရဲ့အကြာင်း၊ မြို့ရဲ့အလှတရားများကိုသိရှိနားလည်ခံစားစေတတ်ခြင်း၊ အဖွဲ့အစည်းများရဲ့အကြောင်းများလည်း အစဉ်မပြတ်နေ့စဉ်တင်ပေးနေခြင်၊ ကျွန်တော်ကိုယ်တိုင်အားပေးကြည့်နေခြင်းတို့ကြောင့် တာချီလိတ်အွန်လိုင်းစာမျက်နှာသည် မရှိမဖြစ်လိုအပ်နေသည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ကြောင့်၊ တာချီလိတ်အွန်လိုင်းစာမျက်နှာသည်.. နောင်နှစ်ပေါင်းများစွာတိုင်... အဓွန့်ရှည်.. တည်တံ့... အောင်မြင်နိုင်ပါစေကြောင်း... ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။
Nayye Laynetss ၊www.tachileik.net က သူငယ်ချင်းများ၊ ဘယ်သူတွေလဲဆိုတာ သိခွင့်ရရင် သိချင်ပါတယ်၊ ကိုယ့်မြို့၊ကိုယ့်ရပ်ဒေသမှာ ဒီလိုတည်ထောင်ပြီးတော့ နောက်ဆုံးသတင်းမှန်သမျှကို တင်ပေးနိုင်တဲ့အတွက် လေးစားဂုဏ်ယူလျှက်ပါ၊ သိသလောက်တော့ တစ်ခြား မြို့(အဓိက--နယ်စပ်မြို့)တော်တော်များများမှာ ဒီလိုမျိုးတင်ထားတာလုံးဝမတွေ့မိပါဘူး၊ တင်ရင်လည်း Groupလောက်ပဲတွေ့ ပါတယ်၊ မြို့သူ/သားများဆိုတာလောက်ပဲတွေ့ပါတယ်၊ ဒါကြောင့်ဖြစ်နိုင်ရင် တည်ထောင်သူ ၀ိုင်းတော်သားများရဲ့ပုံနှင့် ဖုန်းများကိုသိချင်ပါတယ်၊ လေးစား ဂုဏ်ယူလျှက် ၊www.tachileik.net အစဉ်ထာဝရ တည်တဲ့ပါစေ၊ နောင်လာနောက်သားများကိုလည်း ယခုကဲ့သို့ သတင်းများ ဖြန့်ဝေပေးနိုင်ပါစေ၊ ကျွန်တော့်ရဲ့ မြေး၊မြစ်၊တီ၊တွတ်၊ကျွတ် စသည့် နောင်လာမည့်မျိုးဆက် ၁၀၀၀ ဆက်တိုင် ၊www.tachileik.net ကိုကြည့်ရှုခွင့်ရပါရစေဗျားး--တာချီလိတ်သားတစ်ဦး
tachileik.net ကို ၂၀၀၉ ကနေ ၂၀၁၂ ( ယခုအထိ ) အဓိကအနေဖြင့် တစ်ဦးတစ်ယောက်တည်းဖြင့်သာ လည်ပတ်နေလျှက်ရှိပြီး မြို့တွင်း သို့မဟုတ် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ထဲ စသည့်နေရာများမှာ ကျွန်တော့်အနေနဲ့ သတင်းဖြစ်ပေါ်မှုနဲ့ပတ်သက်၍ မသိလိုက်တာမျိုး မရောက်ဖြစ်လိုက်တာမျိုးဆိုရင် သူငယ်ချင်း မိတ်ဆွေများက ဖုန်းဆက်အကြောင်းကြားလာပါတယ်။ အဲ့လို ဖုန်းဆက် အကြောင်းကြားလာသည့် အခါမျိုးမှာ ကျွန်တော့်အနေဖြင့် သူငယ်ချင်း မိတ်ဆွေများရဲ့ အကြောင်းကြားလာတဲ့အပေါ် များသောအားဖြင့် မဖြစ်မနေသွားရောက်ပြီး သတင်းယူလေ့ရှိပါတယ်။
tachileik.net ကို အားဖြည့်ဖို့ အချိန်ကုန် အပင်ပန်းခံနိုင်တဲ့ ၀ါသနာတူများ မိတ်ဆွေများကိုလည်း ဖိတ်ခေါ်လျှက်ပါ။
- ကိုဇော်အောင်
- တည်ထောင်သည့်နှစ် ။ 25.11.2009
- Thai Phone : 084 522 5713
- Myanmar Phone: 094 500 46600
- Email: [email protected]
- Web: www.tachileik.net
ဖြစ်ပါတယ်။
tachileik.net အမည်ပါ တာချီလိတ်မြို့အတွင်းရှိ အသင်းအဖွဲ့များရဲ့ Blog များမှာ
- twa.tachileik.net ( တာချီလိတ်မြို့နယ် စာရေးဆရာများအသင်း )
- youth.tachileik.net ( တာချီလိတ်လူငယ်များအဖွဲ့ )
- mts.tachileik.net ( မေတ္တာရှင် သာရေး/နာရေး ကူညီမှုအသင်း )
- alinyaung.tachileik.net ( အလင်းရောင်ပရဟိတအသင်း )
တို့ဖြစ်ပါတယ်။
Tachileik.netတွင် သတင်းများ စုံလင်စေရန်အတွက် သတင်းဖြစ်ပေါ်သည့်နေရာသို့ ဖုန်းဆက်အကြောင်းကြားသူများ၊ အသိပေးသူများ သတင်းအတွက် ဖိတ်ကြားသူများစသည့် မိတ်ဆွေအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ........။