၂၀၁၂ခုနှစ် စက်တင်ဘာ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း တို့အပါအ၀င် မိုင်းဖြတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဘိုစံ၊ တာချီလိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ကျိုင်းလပ် နှင့် တာလေမြို့နယ်ခွဲများသို့ ကျေးရွာသူ/သားများအတွက် လိုအပ်သည်များကို ကွင်းဆင်းလေ့လာခဲ့ကြတယ်လို့ သိရပါတယ်။
ကျိုင်းလပ် နှင့် တာလေမြို့နယ်ခွဲများသို့ ကွင်းဆင်းလေ့လာရာ နမ့်ဝမ်းကျေးရွာက ရပ်မိရပ်ဖ တစ်ဦးမှ ၎င်းတို့ကျေးရွာအနေဖြင့် လိုအပ်သည့် အကူအညီများကို ပြောကြားရာတွင် ရေရရှိရေးအတွက်
ရေပိုက်များ လိုနေခြင်းကိစ္စကို တင်ပြခဲ့ကြပြီး ကျိုင်းလပ်မြို့နယ်ခွဲ ရပ်ကွက်(၁)နေသူ လူတစ်ဦးမှ တင်ပြရာတွင် ၎င်း၏သားနှင့်အတူ ကျိုင်းလပ်မြို့နယ်ခွဲနေ ပြည်သူ(၃၈)ဦးအား လွန်ခဲ့သော နှစ်ကတည်းမှ သစ်ဆွဲနေစဉ် "ဝ"စစ်တပ်မှ ဖမ်းဆီးသွားရာ ပြန်လည်လွတ်လာခြင်း မရှိသေး၍ လွတ်မြောက်လာစေရေးအတွက် အကူအညီပေးရေးကိစ္စတို့ အပြင် နမ့်ဝမ်း(၃) ကျေးရွာနှင့် နမ့်ဆီး(လားဟူ)ရွာတို့မှာ ရေရရှိဖို့အတွက် ရေပိုက်များလိုနေခြင်းကိစ္စတို့ကို ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ဆက်လက်ပြီး ကျခမ်းကျောက် အုပ်စုနေ ရွာသားတစ်ဦမှ ကျန်းမာရေးဌာနခွဲမရှိသေး၍ တင်ပြထားမှုအခြေအနေများ၊ နမ့်ငေါ့ ကိုယ်ထူကိုယ်ထကျောင်းပြုပြင်ရေးကိစ္စ၊ ကျောင်းသားများ စာသင်ခုံလိုနေခြင်းကိစ္စ စသည့်ကိစ္စအရပ်ရပ်များကို အကူညီပေးနိုင်ရန်အတွက်
ကျေးရွာသူ ကျေးရွာသားများက ၎င်းတို့ကို တင်ပြခဲ့ကြပါတယ်။
ကျေးရွာသူ ကျေးရွာသားများရဲ့ တင်ပြ အကူညီတောင်းခံမှုများကို လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်၊ ဦးဝီလ်ဆင်မိုး၊ ဒေါ်တင်မေထွန်း နဲ့ ၎င်းတို့ပါတီရဲ့ မြို့နယ်အတွင်းရေးမှုး ဦးစိုင်းရွှေထွန်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါတယ်။ ပြန်လည်ရှင်းလင်း ဆွေးနွေးချက်များမှာ ကျိုင်းလပ်က ရွာသား(၃၈)ဦး ဖမ်းဆီးခံရခြင်းကိစ္စ၊ ကျေးလက်ကျန်းမာရေးဌာနခွဲထားရှိရေးကိစ္စ နဲ့ ကျောင်းဥပဓိရုပ်ပြုပြင်ရေးကိစ္စများကို ၎င်းတို့အနေဖြင့် သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိ့နှိုင်းကူညီပေးမယ်လို့ လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ကျေးရွာသူ ကျေးရွာသားများရဲ့ လိုလားချက်ဖြစ်တဲ့ နမ့်ဝမ်းကျေးရွာအတွက် ရေရရှိဖို့ရာ ဦးဝီလ်ဆင်မိုးနဲ့ မိသားစုက ဘတ် (၆၄၀၀၀)တန်ဘိုးရှိတဲ့ ၃"ရေပိုက်(၁၀၀)ချောင်း နဲ့ ၂"ရေပိုက် (၁၀၀)ချောင်းတို့ကို လှူဒါန်းပေးမှာဖြစ်ပြီး နမ့်ငေါ့ ကျောင်းအတွက် ဘတ်(၁၀၀၀၀)တန်ဘိုးရှိတဲ့ စာသင်ခုံ(၁၀)စုံကိုလည်း မြို့နယ်ပါတီက လှူဒါန်းမဲ့အကြောင်း ၎င်းတို့က ရှင်းလင်းပြောဆိုခဲ့ပါတယ်။
နေ့လည်(၁၄း၃၀)နာရီတွင် ၎င်းတို့အဖွဲ့သည် ၀မ်လန်းကျေးရွာ တစ်ပတ်တစ်ကြိမ်ဈေးသို့ တစ်ပတ်တစ်ကြိမ်ဈေးစနစ်အဖြစ်မှ နေ့စဉ်ဈေးဖွင့်နိုင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့များနဲ့ ညှိ့နှိုင်းဆောင်ရွက်ဖို့ရာ သွားရောက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။