တာချီလိတ်မြို့ရှိ ရပ်ကွက်(၃)ခုမှ ဂေဟာများသို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်နှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးအပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း

တာချီလိတ်မြို့ရှိ ရပ်ကွက်(၃)ခုမှ ဂေဟာများသို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်နှင့် လွှတ်တော်ကိုယ်စားလှယ်(၂)ဦးအပါအ၀င် ပြည်ခိုင်ဖြိုးပါတီမှ သွားရောက်လှူဒါန်း
စက်တင်ဘာ 23, 2012
By Tachileik News Agency
၂၀၁၂ခုနှစ် စက်တင်ဘာ(၂၂)ရက်နေ့က  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊  
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်တင်မေထွန်း တို့အပါအ၀င် မိုင်းဖြတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးဘိုစံ၊ တာချီလိတ်မြို့နယ်  ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် တာချီလိတ်မြို့အတွင်း ရပ်ကွက်(၃)ခုရှိ ဂေဟာများသို့ သွားရောက် လှူဒါန်းမှုများပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
၎င်းတို့အဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်မှာ ရှိတဲ့ မျှော်လင့်ခြင်းဥယျာဉ် ဂေဟာကို သွားရောက်ပြီး ဆန်(၁၀)အိတ် လှူဒါန်းခဲ့ကြပါတယ်။ ဆက်လက်ပြီး မကာဟိုခမ်းရပ်ကွက် မေဖလားဝါကွင်းထဲမှာ ရှိတဲ့ မေတ္တာရောင်ခြည်ဂေဟာသို့ လားဟူတိုင်းရင်းသားရေးရာဝန်ကြီး ဦးရှာမွှေလှရှဲန်မှ ဘတ်(၄၀၀၀) နဲ့ ဦးဝီလ်ဆင်မိုးမှ ဘတ်(၇၀၀၀)အပြင် ဆန်(၅)အိတ်ကို  မေတ္တာရောင်ခြည်ဂေဟာမှာ ရှိကြတဲ့ စက်ချူပ်သမများ နှင့် သင်တန်း ဆရာ/မများအတွက် လှူဒါန်းခဲ့ကြပါတယ်။ 
တစ်ဆက်တည်းမှာ လားဟူတိုင်းရင်းသားရေးရာဝန်ကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်(၂)ဦးအပါအ၀င်
 ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့် မြို့နယ်ပါတီ ကော်မတီဝင်များဟာ
 ဟောင်လိတ်ကျေးရွာအုပ်စုရှိ မာရိယာဂေဟာကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ၎င်းတို့အဖွဲ့မှ မာရိယာဂေဟာအတွက် ဆန်(၆)အိတ် နဲ့ ကြက်ဥအလုံး(၃၀၀)ကို လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။
မေတ္တာရောင်ခြည်ဂေဟာသည် အမျိုးသမီးငယ်လေးများကို လမ်းမှားမရောက်စေရန်အတွက် လက်ဝတ်ပစ္စည်းပြုလုပ်နည်းအတတ်ပညာများ စက်ချုပ်အတတ်ပညာများကို သင်ကြားပေးနေတဲ့ ဂေဟာဖြစ်ပြီး လက်မှုအတတ်ပညာ နဲ့ စက်ချူပ်အတတ်ပညာများကို သင်ကြားနေစဉ်အတွင်း ၎င်းဂေဟာရှိ အမျိုးသမီးငယ်လေးများအား လစာသဘောဖြင့်လည်း ပေးကြောင်း သိရှိရပါတယ်။