ပရဟိတ သမားတိုင်းဟာ ပရနဲ့အတ္တ(ပရဟိတ နှင့် အတ္တဟိတ) ကို ကွဲကွဲပြားပြား သိမြင် နားလည်တတ်ရပါမယ်။ ပရမှာ အတ္တသွားရောနေလို့ မရပါဘူး။ သူတော်ကောင်းတွေသာ မွေ့လျော်တဲ့ ဒီနယ်ပယ်မှာ နိမ့်ကျတဲ့ စိတ်ဓါတ်နဲ့ ပရဟိတကို မစွမ်းဆောင် သင့်ပါဘူး။ မြင့်မြတ်တဲ့ စိတ်နဲ့သာ ပရဟိတအကျိုး သယ်ပိုးနိုင်မှာပါ။
ပရဟိတသမား
အခြားမရှိ
ပီတိကိုစား
အားရှိပါ၏ ။ ။
ပရဟိတသမား စစ်စစ်တွေမှာ ကြွားဝါလိုစိတ် ကျော်ဇောလိုစိတ် အလျဉ်းမရှိသလို မိမိလှူဒါန်းလိုက်တဲ့ လူ၊ ပုဂ္ဂိုလ်၊ နေရာ ဒေသ အစရှိသဖြင့် စေ့စေ့တွေး ရေးရေးပေါ်လာတာကို ၀မ်းသာလိုစိတ် ပီတိခံစားလိုစိတ်နဲ့သာ ရှေ့ခရီးအတွက် အားအင်တွေကို ဖြည့်စွမ်းကြရပါတယ်။
လူတော်တော်များများက အလှူအတန်းတွေမှာ တလွဲဆံပင်ကောင်းနေကြတာ ဒုနဲ့ဒေးပါ။ နာမည်ကြီးတဲ့ ဆရာတော်တွေ ကျောင်းတွေမှာ လှူဒါန်းလိုက်ကြတာ ပိုလျံနေပေမယ့် မိမိလမ်း၊ ရပ်ကွက်နေရာတွေမှာကျတော့ စိုးစဉ်းမျှတောင် မစွန့်ကြဲတတ်ကြပြန်ဘူး။ သိသိကြီးနဲ့လည်း မျက်ကွယ်ပြုထား တတ်ကြပြန်ပါတယ်။ တကယ်တော့ သူတို့လိုချင်တာ ပရဟိတအရောင်ပြပြီး လူအထင်ကြီးခံလိုတဲ့ ဘွဲ့တွေ၊ ဆုတံဆိပ်တွေ အတွက်သာ ရဲရင့်နေကြတာပါ။
ဒီနေရာမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေး တစ်ချို့ကို ချပြချင်ပါတယ်။ လက်ရှိ ကျွန်တော်တာဝန်ယူထားတဲ့ Save The Aged (သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့် ပရဟိတလူငယ်များ) အသင်းမှနေပြီးတော့ ရာသက်ပန် စောင့်ရှောက်ထားတဲ့ အဖိုးအဖွားတွေရဲ့ နေအိမ်တစ်ချို့ကို သတ်မှတ်ထားတဲ့
ငွေကြေးအနည်းငယ်နဲ့ မိုးရာသီမတိုင်မှီ လိုက်လံပြုပြင် တည်ဆောက်ပေးခဲ့ပါတယ်။
မြောက်ဥက္ကလာပမြို့နယ် ရပ်ကွက်တစ်ခုက အသက်(၇၈)နှစ်ရှိ အဖွား တစ်ယောက်ဟာ ရပ်ကွက်လမ်းကြားလေးထဲက ရေမြောင်းပေါ်မှာ ခွတင်ပြီး ဓနိမိုး၊ ထရံကာလေးနဲ့ နေရရှာပါတယ်။ မိုးတွင်းရေကြီးလာရင် မြောင်းထဲကရေ လျှံတက်ပြီး အဖွားရဲ့ အိပ်ရာကြမ်းပြင်ကို ရေတက်လာတဲ့အတွက် Save The Aged မှ တာဝန်ယူပြီး တဲအိုလေးကိုဖျက် အခြေမြှင့်ပြီး ထရံကာ သွပ်မိုး အဖွားတစ်ယောက်စာ အိမ်လေးကို ဆောက်လုပ်လှူဒါန်းခဲ့ပါတယ်။
အိမ်စဖျက်တဲ့နေ့မှာ အနီးအနား ရပ်ကွက်ထဲက လူနည်းစုက လာကူညီကြပါတယ်။ အဲဒီထဲက တစ်နေကုန် ၀ိုင်းကူညီတဲ့ အစ်ကိုနှစ်ယောက်ကို ညနေအလုပ်သိမ်းတော့ တစ်ယောက်သုံးထောင်ကျပ်ကို ကျေးဇူးပြုခဲ့ပါတယ်။ သူတို့ကိုယ်တိုင်ကလည်း ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ကြပါတယ်။ ဒီလိုနဲ့ နောက်တစ်နေ့ ဒီအိမ်လေးအချောသတ်ဖို့ ပြင်ဆင်ကြတော့ လိုအပ်တဲ့ပစ္စည်းကိရိယာ တစ်ချို့ကို မနေ့က အကိုနှစ်ယောက်ထံ သွားပြန်ငှားတော့ မရခဲ့ဘူး။ “ဟာ … ဘာဖြစ်လို့လဲဆိုတော့” သူတို့ကပြောရှာပါတယ်။ “ကျွန်တော်တို့ ဒီနေ့လာမကူနိုင်တာ ခွင့်လွှတ်ပါ။ ပစ္စည်းလည်းငှားလို့ မရလို့ပါ။ မနေ့က အကိုတို့ ပေးသွားတဲ့ငွေကို ဆယ်အိမ်မှူးကနည်းလို့ သူ့အတွက်ဝေစုမပါလို့တဲ့ဗျာ။”
“တောက်”
အများလှူတဲ့ အလှူငွေဆိုပေမယ့် သုံးသင့်သုံးထိုက်မှသာ သုံးစွဲခွင့်ရှိသလို လေလွင့်မှုမရှိအောင်လည်း ထိမ်းသိမ်းစောင့်ရှောက် ရတာဟာ ပရဟိတသမားတိုင်းရဲ့ ကျင့်စဉ်ပါ။
ဆယ်အိမ်မှူးဆိုတဲ့ ဒင်းလိုလူပါးစပ်က ဒီလိုစကားမျိုး ပြောထွက်တာ ကျွန်တော် မယုံနိုင်အောင်ပါဘဲ။ တကယ်ပဲ အဲဒီနေ့ အဲဒီရပ်ကွက်ထဲက ဘာအကူအညီမှ မရခဲ့ပါဘူး။ ကျွန်တော်တို့တွေတောင် သွေးမတော် သားမစပ် ကိုယ့်ရပ်ကွက်က မဟုတ်ဘဲ အသင်းဝင်တွေရဲ့ မုန့်ဘိုးလေးတွေ ၀င်ငွေလေးတွေကို စုဆောင်းပြီး လူသားခြင်း စာနာမှုတွေနဲ့ လာလုပ်ပေးနေကြတာ မဟုတ်ပါလား။ တဒင်္ဂအတွင်းမှာ ဖြစ်ပေါ်လာတဲ့ ကျွန်တော့် ဒေါသဟာ အဲဒီဆယ်အိမ်မှူးဆိုတဲ့ လူရဲ့မျက်နှာကို စေ့စေ့ကြည့် လက်ညိုးငေါက်ငေါက်ထိုးပြီး ပက်ပက်စက်စက် ပြောလိုက်ချင်တာ တစ်ခုပါဘဲ။ ဒါပေမဲ့ ကျွန်တော် ကိုယ့်တံတွေး ကိုယ်ပြန်မျိုချခဲ့ပါတယ်။
တကယ်တော့ လက်ရှိလှုပ်ရှားနေတဲ့ ပရဟိတအဖွဲ့အစည်း တော်တော်များများဟာ ချမ်းသာတဲ့ လူ့အဖွဲ့အစည်းက မဟုတ်ပါဘူး။ စီးပွားရေးသမား မည်သည့်လုပ်ငန်းရှင်ကမှ ကျောထောက်နောက်ခံပြုပြီး ပံ့ပိုးပေးထားကြတာ မဟုတ်ပါဘူး။ ချမ်းသာတဲ့သူ အများစုကလည်း ပရဟိတကို စိတ်မ၀င်စားကြသလို အိုကြီးအိုမ၊ ကလေးသူငယ် စားရမဲ့ သောက်ရမဲ့ ဘ၀တွေကို ကိုယ်ချင်းစာနိုင်စရာ အကြောင်းမရှိ။ ဒါဆို ပရဟိတသမား တွေကရော ဘယ်လိုလဲ။ ရှိလို့လှူ ရှိလို့ပေး ရှိလို့ပေးဆပ်နေတာလား။ မဟုတ်ပါဘူး … သိလို့လှူ၊ သိလို့ပေးဆပ်နေကြတာပါ။ လူလိုသိလို့ လူလိုကျင့်ကြံနေကြတယ်လို့ ဆိုပါရစေ။
ကျွန်တော်တို့ နိုင်ငံမှာရော ဘယ်ပရဟိတသမားအတွက် ဘယ်လို ဆုတံဆိပ်တွေ ချီးမြှင့်တာ ဂုဏ်ပြုတာ ရှိခဲ့ပါသလဲလို့ မေးစရာရှိလာပါတယ် (ဧမာနွေလ ဘုရားကျောင်းက ပေးတာကို မဆိုလိုပါဘူး)။ ဒီလိုဆိုရင် ရှင်းပါတယ်။ မည်သည့်မျှော်လင့်ချက်၊ အကျိုးစီးပွား တစ်စုံတစ်ရာကို မမျှော်လင့်ဘဲ ပေးဆပ်နေသူတွေဟာ ပရဟိတသူရဲကောင်းတွေပေါ့။
ငွေကြေးသိန်းသောင်း အကုန်ကျခံပြီး လှူဒါန်းသည်မှသာ ပရဟိတ မဆိုလိုနိုင်ပါဘူး။ ကားရထားစီးသွားရင်း နေရာထိုင်ခင်းခြင်း၊ ဆာလောင်နေသူအတွက် မိမိမှာရှိတဲ့ အစားအစာကို ပေးကမ်းလှူဒါန်းခြင်း၊ လမ်းခရီးတွင် ဆူးညှောင့်ခလုတ်တွေကို ဖယ်ရှား သုတ်သင်ပေးခြင်း အစရှိသဖြင့် ငွေကြေးမြောက်များစွာကို ကုန်ကျစရာမလိုဘဲ မိမိ၏ စိတ်ရင်းစေတနာ မှန်ကန်စွာဖြင့် လူသားအကျိုးပြုလုပ်ငန်းများစွာ တို့သည်လည်း ပရဟိတမည်သော ပရဟိတပင် ဖြစ်ပါတယ်။
ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ကြသူတွေ၊ လောဘ၊ ဒေါသ၊ မောဟ တရားတွေ နည်းပါးနေကြပြီဖြစ်တဲ့ မေတ္တာနှလုံးသား ပိုင်ရှင်ပါဘဲ။ မည်သို့ပင်ဆိုစေကာမူ ရတောင့် ရခဲလှစွာသော လူ ဖြစ်လာရသည့် ဘ၀ အခိုက်အတန့်တွင် လူပီသရန် လွန်စွာလိုအပ်လှသည်။ လူဖြစ်လာသည့် ဘ၀ တွင် မိမိတတ်နိုင်သမျှ လူသားဆန်သည့် အပြုအမူ၊ အကျင့်အကြံ၊ ကိုယ်ချင်းစာစိတ် ထားရှိရန် အများကောင်းကျိုး၊ လောကအကျိုး သယ်ပိုးဆောင်ရွက်ရန်မှာ လူသားတိုင်း၏ တာဝန်ဟုသာ ဆိုချင်ပါသည်။
ပရဟိတ ၀န်ထမ်းနေကြသော လက်တွဲဖော် လက်တွဲဖက် ပရဟိတမိတ်ဆွေ အားလုံးကို ဖယောင်းတိုင်ဖြင့် တင်စားညွှန်းဆိုပါရစေ။ မိမိကိုယ်တိုင် အရည်ပျော်ခံ အလောင်မြိုက်ခံ၍ လောကအလှအား အလင်းရောင်ပေး၍ ပုံဖော်ပေးဆပ်နေသူများသည် ဖယောင်းတိုင်ကဲ့သို့ အောက်ခြေတွင် အလင်းရောင် မတောက်ပ နိုင်သော်လည်း မိမိနှင့်သက်ဆိုင်သော လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်အား ပင်ကိုယ် ရောင်စဉ်ညှိ၍ ထွန်းတောက်မြဲ ထွန်းတောက်နေသူများ ဟူ၍သာ ။ ။
ယခင်ဆောင်းပါးအားပြန်ဖတ်လိုလျှင်
ကြုံရဆုံရ ပရဟိတ ( ၁ )
ကိုရီး{ကိုကြီး}
၂၀၁၂ခုနှစ် သြဂုတ်(10)ရက်နေ့
တာချီလိတ်အွန်လိုင်းစာမျက်နှာ
www.tachileik.net