ပြင်ဦးလွင်မြို့အနီး သရက်ကုန်းကျေးရွာကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ ကြည်းကြောင်း၊ လေကြောင်းဖြင့် တန်ပြန်ထိုးစစ်ဆင်နေ

ပြင်ဦးလွင်မြို့အနီး သရက်ကုန်းကျေးရွာကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ ကြည်းကြောင်း၊ လေကြောင်းဖြင့် တန်ပြန်ထိုးစစ်ဆင်နေ

ပြင်ဦးလွင်မြို့နှင့် (၁၀) မိုင်အကွာရှိ သရက်ကုန်းကျေးရွာ စစ်စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ ကြည်းကြောင်း၊ လေကြောင်းဖြင့် ပြင်းထန်စွာ တန်ပြန်ထိုးစစ်ဆင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ( NUG ) ကာကွယ်ရေးဝန်ကြီးဌာန၏ ယနေ့ ၂၀၂၄ခုနှစ် ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

သရက်ကုန်းကျေးရွာ စစ်စခန်းကို ပြန်လည်ရရှိရန် စစ်ကောင်စီမှ ဧပြီလ (၁၉) ရက်နေ့မှစ၍ အပြင်းအထန် ထိုးစစ်ဆင်နေခြင်းဖြစ်ကာ ယင်းနေ့တွင် ဖြစ်ပွားသည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးခန့် သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၀) ရက်နေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် (၂) ဦးကျဆုံးခဲ့ပြီး ဧပြီလ (၂၁) ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃) ဦး သေဆုံးပြီး (၁၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

ထိုနေ့တွင် စစ်ကောင်စီသည် စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများဖြစ်သည့် ပါဟက်ရွာ ဘုန်းကြီးကျောင်း၊ ဇာလီရွာ ဘုန်းကြီးကျောင်း၊ သရက်ကုန်း ဘုန်းကြီးကျောင်းများသို့ လေကြောင်းတိုက်ခိုက်မှု (၇) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဧပြီလ (၂၂) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး တည်နေရာသို့ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား (၃) ဦး သေဆုံးပြီး (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ၊ ဧပြီလ (၂၃) ရက်နေ့ မနက်ပိုင်းတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးခန့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ 

ဧပြီလ (၂၄) ရက်နေ့တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၊ ဧပြီလ (၂၅) ရက်နေ့ နေ့လယ်တွင် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၃) ဦးခန့် သေဆုံးပြီး (၁၆) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲများအတွင်း စစ်တပ်သည် လေကြောင်းတိုက်ခိုက်မှု (၃၂) ကြိမ်ပြုလုပ်ခဲ့ရာ စစ်ရေးပစ်မှတ် မဟုတ်သည့် သာသနာ့အဆောက်အဦးများ ဖြစ်သည့် ဘုန်းကြီးကျောင်းများအတွင်းသို့ (၂၆) ကြိမ် ကျရောက်ခဲ့ပြီး ပြည်သူများ နေထိုင်သည့် ကျေးရွာများအတွင်းသို့ (၈) ကြိမ် ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency