တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲအဖြစ် အယောင်ဆောင်ကာ ဓါးပြတိုက်သည့် ကွင်းဆက်တရားခံအဖြစ် နောက်ထပ်(၄)ဦးကို ထပ်မံဖမ်းဆီးရမိထား၍ စုစုပေါင်း (၁၁)ဦးအထိ ဖမ်းမိထား

တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲအဖြစ် အယောင်ဆောင်ကာ ဓါးပြတိုက်သည့် ကွင်းဆက်တရားခံအဖြစ် နောက်ထပ်(၄)ဦးကို ထပ်မံဖမ်းဆီးရမိထား၍ စုစုပေါင်း (၁၁)ဦးအထိ ဖမ်းမိထား

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် စစ်တပ်နှင့်ရဲတပ်ဖွဲ့အဖြစ် အယောင်ဆောင်ပြီး ဓါပြတိုက်မှုများ အကြိမ်ပေါင်းများစွာ ပြုလုပ်နေသည့် အဖွဲ့ကို ကနဦးအနေဖြင့် (၇)ဦးအဖွဲ့ကို ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်တရားခံများအဖြစ် နောက်ထပ် (၄)ဦးကို တာချီလိတ်ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးရမိကြောင်း သိရသည်။

ထပ်မံဖမ်းဆီးရမိသည့် (၄)ဦးမှာ  စိုင်းစွမ်းမိန်း (ခ)အိုက်တီ၊ အိုက်ကျော် (ခ) စိုင်းကျော်လင်းဦး၊ စိုင်းခေး နှင့်  စိုင်းကွမ်းခေးတို့ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အတွင်း ပါလျှံ(၂)ရှိ နေအိမ်တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့တွင်  ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

 

ကနဦး ဖမ်းဆီးရမိထားသည့် (၇)ဦးအား တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင်၏ ဦးဆောင်မှုနှင့်အတူ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းထွန်းအောင်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့၏ စစ်ဆေးမှုများအရ ခရိုင်မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ဌာနစိတ်မှ ရဲအုပ် ကိုကိုဦး နှင့်အဖွဲ့က သွားရောက် ဖမ်းဆီးရာမှ နေအိမ်တွင် သက်သေခံပစ္စည်းများနှင့်အတူ ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်သည်ဟု သိရသည်။

၎င်းတို့အား ဖမ်းဆီးရမိချိန်တွင် မော်တော်ယာဉ် (၂)စီး၊ ပစ္စတို သေနတ်(၁)လက် နှင့် ကျည်ဆံ (၁၁)တောင့်၊ ကျည်ကာအင်္ကျီ၊ စကားပြောစက်၊ လက်ထိပ် နှင့် ဓါးပြတိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုလို (၄)ဦး ထပ်မံ ဖမ်းဆီးရမိခြင်းမှာ ၂၀၂၄ခုနှစ် ဖေဖေါ်ဝါရီလ (၂၉)ရက်နေ့၊ည (၁၁)နာရီအချိန်က တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း၊ စိုက်ပျိုးရေးလမ်းရှိ ခရိုင်ကော်မရှင်ရုံးအိမ်ရာဝန်းအတွင်း နေထိုင်သည့် တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦး၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာမှ အေးကိုကိုဦး အပါအဝင် (၇)ဦးကို ဖမ်းဆီးရမိပြီး ၎င်းတို့အား စစ်ဆေးဖော်ထုတ်ရာမှ ထပ်မံဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၉)ရက်နေ့က ဖမ်းဆီးရမိထားသည့် ဓါးပြခေါင်းဆောင်ဖြစ်သူ တာချီလိတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုတိယဦးစီးမှူး အေးကိုကိုဦးနှင့် အတူ အသက်(၂၀)နှစ်အရွယ် စိုင်းမောင်ထွန်း(ခ)အိုက်ပီး၊ အသက်(၂၇)နှစ်အရွယ် စိုင်းလှမောင်၊ အသက်(၁၈)နှစ်အရွယ် စိုင်းခမ်းတွီ၊ အသက်(၃၈)နှစ်အရွယ် ရဲသီဟလွင် နှင့် အသက်(၂၀)နှစ်အရွယ် ကျိုင်းစံဟိုင်း တို့ (၆)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၂၅/၂၀၂၄၊၂၀၂၃ခုနှစ်၊ လက်နက်ဥပဒေပုဒ်မ ၂၄/၃၁ဖြင့် လည်းကောင်း၊  အသက်(၂၅)နှစ်အရွယ် စိုင်းဆိုင်မိန်းအား (ပ) ၂၆/၂၀၂၄၊၂၀၂၃ခုနှစ် လက်နက်ဥပဒေ ပုဒ်မ ၂၄ လည်းကောင်း လက်နက်ဥပဒေများဖြင့် ကနဦး အမှုဖွင့်လှစ်ထားကာ စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

ယခုဖမ်းဆီးရမိသည့် ဓါးပြအဖွဲ့သည် ဂိုဏ်းသဖွယ်ဖွဲ့စည်းကာ ပြုလုပ်နေသည့် ဓါးပြအဖွဲ့ကြီးဖြစ်ပြီး ၎င်းတို့သည် ဖွဲ့ငယ်များခွဲ၍ တာချီလိတ်မြို့ပေါ် ရပ်ကွက်များတွင် ဓါးပြတိုက်မှုများနှင့်အတူ ပြန်ပေးဆွဲမှုများကို လုပ်ဆောင်နေသူဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

"သူတို့တွေက ၂၀၂၃က ဖြစ်ပွားခဲ့တဲ့ ဓါးပြမှုတွေ ပြန်ပေးဆွဲမှုတွေနဲ့လည်း ဆက်စပ်နိုင်တဲ့အတွက် ဆက်လက် စစ်ဆေးနေလျှက်ရှိပါတယ်။ ကွင်းဆက်တွေလည်း ထပ်ဖော်ထုတ်ဖို့ရှိပါတယ်။"ဟု  ရဲတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency သို့ ပြောသည်။



တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ်၏ နောက်ဆုံးလ နှင့် ၂၀၂၄ခုနှစ်၏ အစပိုင်းလတို့တွင် ဓါးပြမှုနှင့်ပတ်သက်ပြီး တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးဟောင်း ရဲမှူးညီညီဌေး၏ သားဖြစ်သူ  မြင့်မြတ်အောင်(ခ)ဖိုးသားကြီး ဦးဆောင်သည့် သေနတ်များကိုင်ဆောင်ကာ ဓါးပြတိုက်သည့် အဖွဲ့ကို  တာချီလိတ်ရဲတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့အကူး နံနက် (၂)နာရီခွဲဝန်းကျင်အချိန်က ဖမ်းမိခဲ့သည့် ဖြစ်စဉ်လည်းရှိပြီး ယခုအခါတွင် ဖေဖော်ဝါရီလအတွင်၌ ဓါးပြအဖွဲ့များထဲက (၁၁)ဦးကို ထပ်မံ ဖမ်းဆီးရမိခြင်း ဖြစ်သည်။ 

"တာချီလိတ်ရဲတပ်ဖွဲ့ ဒီတခါ တော်တယ်လို့ ချီးကျူးရမှာပဲ။ ဓါးပြအဖွဲ့တွေကို တစ်ယောက်မကျန်ဖမ်းပြီး ဆိုင်ကယ် လုတာတွေလည်း သူတို့ပဲလားဆိုတာကို သေချာလေး စစ်ကြောစေချင်တယ်။ မဟုတ်ဘူးဆိုရင်လည်း နေ့စဉ် ဆိုင်ကယ်လုတဲ့ ခိုးတဲ့ အဖွဲ့ကိုလည်း အခုလို ဖမ်းဆီးနှိမ်နှင်းပေးစေချင်ပါတယ်။ နောက်ပြီး  ဒီဓါးပြအဖွဲ့တွေအသုံးပြုတဲ့ သေနတ်တွေ ကျည်တွေ ဘယ်က ရတာလဲ။ အရင် ဖမ်းမိတဲ့ ရဲမှူးသား ဓါးပြအဖွဲ့နဲ့ရော အတူတူဘဲလား။ ဘယ်သူတွေ ကျန်သေးလဲဆိုတာက အစ သေချာလေးစစ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ "ဟု ဒေသခံ တစ်ဦးက ပြောသည်။



 

ယခုဖမ်းဆီးရမိထားသည့် ဓါးပြအဖွဲ့ (၁၁)ဦးကိုထံက သိမ်းဆည်းရရှိထားသည့် ပစ္စည်းများမှာ ကား စုစုပေါင်း (၄)စီး၊ သေနတ် မျိုးစုံ (၇)လက်၊ ကျည်ဆံမျိုးစုံ စုစုပေါင်း (၁၀၈)တောင့် နှင့် စစ်နှင့်ရဲ ဝတ်စုံများ၊ စကားပြောစက်များ ပါဝင်ကြောင်း သိရသည်။