တာချီလိတ်မြို့တွင် လေဆိပ်ပိတ်ထားသော်လည်း ပုံမှန်ထက် နှစ်ဆကျော်ဈေးရှိသည့် မှောင်ခိုလက်မှတ်ဈေးဖြင့် ခရီးစဉ်ဖန်တီးကာ ပျံသန်းမှုများရှိနေ 

တာချီလိတ်မြို့တွင် လေဆိပ်ပိတ်ထားသော်လည်း ပုံမှန်ထက် နှစ်ဆကျော်ဈေးရှိသည့် မှောင်ခိုလက်မှတ်ဈေးဖြင့် ခရီးစဉ်ဖန်တီးကာ ပျံသန်းမှုများရှိနေ 
နိုဝင်ဘာ 18, 2021 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ လေဆိပ်ကို အာဏာသိမ်းပြီး (၄) လဝန်းကျင်အကြာ မေလကုန်မှစ၍ ပိတ်ထားသော်လည်း လေကြောင်းလိုင်းအချို့မှ စင်းလုံးငှားနှင့်ကုန်တင်ခရီးဟု အကြောင်းပြကာ ခရီးစဉ်များကို ပုံမှန်ထက် နှစ်ဆကျော်ဈေးဖြင့် မှောင်ခိုလက်မှတ် ရောင်းချနေပြီး ပြေးဆွဲမှုများရှိနေကြောင်း  သိရသည်။

ဘောစိတွေက စင်းလုံးငှားတယ်လို့ ပြောတာပဲ။ အဲဒီမှာ သွားချင်တဲ့သူတွေကို ပွဲစားတွေက သွားထည့်ပေးတာတဲ့။ ဆိုင်ရာ ဆိုင်ရာတွေ ပေါင်းပြီး ပုံမှန်ထက် နှစ်ဆလောက်ဈေးနဲ့ လက်မှတ်ရောင်းကြသတဲ့

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

လေဆိပ်ပိတ်ထားစဉ် ကာလအတွင်း ရန်ကုန် - တာချီလိတ်၊ တာချီလိတ် - ရန်ကုန်ခရီးစဉ်များဖြင့် တရုတ်နိုင်ငံသား အများအပြားလည်း ခရီးသွားလာနေကြပြီး ပြည်တွင်းခရီးသည်များက တစ်ဦးလျှင် လေယာဉ်လက်မှတ်ခ ကျပ် (၂) သိန်းဝန်းကျင်နှင့် တရုတ်နိုင်ငံသားများက တစ်ဦးလျှင် လေယာဉ်လက်မှတ်ခ ကျပ် (၄)သိန်းဝန်းကျင်အထိပေးရကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၁၈)ရက်နေ့၏ တာချီလိတ် - ရန်ကုန် လေကြောင်းခရီးစဉ်တွင် တာချီလိတ်မှ တရုတ်နိုင်ငံသား အနည်းငယ်နှင့် မြန်မာနိုင်ငံသား အပါအဝင် (၂၀)ဝန်းကျင်မှ ရန်ကုန်သို့ သွားရောက်ပြီး တာချီလိတ်သို့ လေယာဉ်ဆိုက်ရောက်ချိန်တွင် (၃၀)ဝန်းကျင် ပါလာသည်ဟု အမည်မဖော်လိုသည့် တာချီလိတ်လေဆိပ်မှ တာဝန်ရှိသူများထံက သိရသည်။

တာချီလိတ်က လေဆိပ်ကိုသာ တရားဝင်မဖွင့်တာ စင်းလုံးငှားဆိုပြီး လက်မှတ်တွေ လုပ်စားနေတာ။ တရုတ်နည်းနည်းနဲ့ လုပ်စားနေတာ။ အခုလို ကြံဖန်ပြီး စီစဉ်တဲ့အတွက် အရင်အပတ်ကတော့ တော်တော်မြတ်တယ်ကြားတယ်။ နောက်အပတ်ထဲမှာလည်း အကြောင်းအမျိုးမျိုးပြန်ပြပြီး လုပ်ဖို့ စီစဉ်နေကြတာလည်းရှိတယ်။ မတန်တဆ ဈေးတွေနဲ့ ရောင်းနေတာ။ ဖွင့်ရင်လည်း ဖွင့်ပေးလိုက်ပေါ့။ အားလုံးတန်းတူ ရည်တူသွားလာလို့ရတာပဲ။ အခုကတော့  လုပ်လို့ရလို့ လုပ်နေကြတာ။ ခေတ်က တကယ်ပျက်နေပြီ

ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်လေဆိပ်ပိတ်ထားစဉ် အတွင်း လေကြောင်းလိုင်းအချို့က ပစ္စည်းပို့လေယာဉ်ဟု အကြောင်းပြဆင်းသက်မှုများနှင့် စင်းလုံးငှားလေယာဉ် ဆင်းသက်မှုများရှိနေပြီး အာဏာသိမ်းအဖွဲ့လက်အောက်ရှိ ဌာနဆိုင်ရာများနှင့် ပွဲစားများပေါင်းပြီး အဆမတန်ဈေးနှုန်းများဖြင့် ခရီးသည် တင်ဆောင်နေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ဟဲဟိုးလေဆိပ်မှလွဲ၍ တာချီလိတ်၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ လားရှိုးလေဆိပ်များကို အာဏာသိမ်းအဖွဲ့က ၂၀၂၁ ခုနှစ်၊ မေလကတည်းက အများပြည်သူခရီးစဉ်များကို ပိတ်ထားခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း ပုဂ္ဂလိကလေကြောင်းလိုင်းအများအပြား ပြေးဆွဲရာ လေဆိပ်ရှိသည့် တာချီလိတ်လေဆိပ် နှင့် ကျိုင်းတုံလေဆိပ်တို့တွင်လည်း လေကြောင်းခရီးစဉ်များကို ယခုလို ဖန်တီးလုပ်ဆောင်ခြင်းမဟုတ်ဘဲ ပုံမှန်အတိုင်း Covid-19 ကာကွယ်ရေးစည်းကမ်းများနှင့်အတူ အမြန်ဆုံး ဖွင့်လှစ်စေလိုကြောင်း သိရသည်။