တာချီလိတ်မြို့ရှိ ကျားဖြန့် လုပ်ငန်းများစွာထဲက နေရာ တစ်နေရာကို ဝင်ရောက်စီးနင်းရာ ရောင်းစားခံထားရပြီး အတင်းအဓမ္မ စေခိုင်းခံထားရသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၅၀၀)နီးပါး ဖမ်းဆီးရမိ

တာချီလိတ်မြို့ရှိ ကျားဖြန့် လုပ်ငန်းများစွာထဲက နေရာ တစ်နေရာကို ဝင်ရောက်စီးနင်းရာ ရောင်းစားခံထားရပြီး အတင်းအဓမ္မ စေခိုင်းခံထားရသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၅၀၀)နီးပါး ဖမ်းဆီးရမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်း၌ အွန်လိုင်းလိမ်လည် လုပ်ငန်းဖြစ်သည့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် နေရာကို စစ်တပ်နှင့်ရဲတို့ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးရာ ရောင်းစားခံထားရပြီး အတင်းအဓမ္မ စေခိုင်းခံထားရသည့် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၅၀၀)နီးပါး ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်အတွင်း ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့ အကူး နံနက်(၂)နာရီကျော်အချိန်က စစ်တပ်နှင့်ရဲတပ်ဖွဲ့ အပါအဝင် ပူးပေါင်းအဖွဲ့တို့သည် အွန်လိုင်းလိမ်လည်လုပ်ငန်းဖြစ်သည့် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့်နေရာကို ဝင်ရောက်စီးနင်း ဖမ်းဆီးရာမှ အထောက်အထားမဲ့ တရုတ်နိုင်ငံသား အမျိုးသား(၄၇၅)ဦး နှင့် အမျိုးသမီး(၂၀)ဦးတို့ကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများတွင် ရောင်းစားခံရသူများနှင့် လိမ်လည်ခေါ်ဆောင်ပြီး အတင်းအဓမ္မ စေခိုင်းခံရသူများပါဝင်ကြောင်း နှင့် အဓိက တာဝန်ရှိသူ(၁၀)ဦး ဝန်းကျင်ပါဝင်ကြောင်းလည်း သိရသည်။

ယခု ဖမ်းဆီးရမိသည့် ကျားဖြန့်အဖွဲ့မှာ ရွှေကုက္ကိုလ် အခြေချ  တရုတ်အုပ်စုထဲက ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများအရ တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးသည့် တာချီလိတ်တွင် ခြေကုတ်ရယူကာ လုပ်ဆောင်နေသည့် အဖွဲ့ဖြစ်ကာ အွန်လိုင်းလိမ်လည်လုပ်ငန်းများတွင် အတင်းအဓမ္မစေခိုင်းရန်အတွက် အထောက်အထားမဲ့ တရုတ်နိုင်ငံသားများကို လာအိုနိုင်ငံဘက်ကနေ တဆင့် တာချီလိတ်မြို့တွင်းသို့ ဝမ်ပုံဆိပ်ကမ်းဝန်းကျင်ကနေသော် လည်းကောင်း၊  မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်ဘက်ကနေ သော်လည်း တရားမဝင်နည်းလမ်းများဖြင့် ခေါ်ဆောင်လာကြခြင်းဖြစ်ကြောင်း ကနဦး စစ်ဆေးချက်များအရ သိရသည်။

"တရုတ်တွေ ဖမ်းမိတိုင်း ဖမ်းမိတဲ့အထဲမှာ သူဌေးရဲ့ လူရုံတော်တို့ သူဌေးကိုယ်စားလှယ်တို့ ပါရင် ငွေယူပြီး ပြန်လွှတ်ပေးတာတွေ အရေအတွက် ဖျောက်တာတွေက လုပ်လေ့ရှိတာမို့  ဖမ်းမိတုန်းက အရေအတွက် နဲ့ အထက်ဌာနကို ပြတဲ့ အရေအတွက် ကွာခြားနိုင်တယ်။ အခုလည်း ဗျူဟာမှူးတို့ တိုင်းမှူးတို့ မသိအောင် အောက်ခြေမှာ ငွေယူပြီး လုပ်စားနေတာတွေ ရှိလာနိုင်တယ်။ အခုတောင် ဖမ်းမိတဲ့အထဲ အဓိက လူတွေ ကျန်ရော ကျန်သေးရဲ့လားမသိဘူး။ ပြောတာတောင် နောက်ကျနေပြီထင်တယ်။  "ဟု ဖမ်းဆီးရေးအဖွဲ့တွင် ပါဝင်သည့် အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ပြောပြသည်။

ကျားဖြန့် လုပ်ငန်းကဲ့သို့ အွန်လိုင်းလိမ်လည်မှုများ အပါအဝင် အွန်လိုင်းလောင်းကစားမှုများနှင့် ပတ်သက်ပြီး ထိထိရောက်ရောက် ဖော်ထုတ်အရေးယူရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၂၆)ရက်နေ့က ပြုလုပ်သည့်"ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး"တွင် ပြောကြားအပြီး ဇန်နဝါရီလ(၂၉)ရက်နေ့တွင် တာချီလိတ်၌ စတင် ဖမ်းဆီးခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် အထောက်အထားမဲ့ တရုတ်များမှာ နေအိမ်တိုက်ခန်းများနှင့် နေအိမ်လုံးချင်းများကို အပြတ်သဘောဖြင့် ငှားရမ်းကာ လူစုခွဲ၍ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေများလည်း ရှိနေလျှက်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

"တာချီလိတ်မှာ ကျားဖြန့် လုပ်နေတဲ့ တရုတ်တွေ ဟိုတစ်စု ဒီတစ်စုနဲ့ ဟိုအိမ်ကို အပြတ်ငှားလိုက်၊ ဒီအိမ်ကို အပြတ်ငှားလိုက်နဲ့ လူစုခွဲပြီး လုပ်နေကြတာ။ အဲ့လို ငှားပေးတဲ့လူတွေကိုလည်း ထိထိရောက်ရောက် အရေးယူစေချင်တယ်။ ငွေတစ်ခုပဲ ကြည့်ပြီး ငှားပေးနေကြတာ။ သူတို့ကြောင့် အိမ်ခန်းငှား ဈေးနှုန်းတွေ အရမ်းမြှင့်တက်လာတာလည်းပါတယ်။"ဟု ဒေသခံ တစ်ဦးက ပြောသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝိန်းကျောက်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက်၊ ပါဆပ်ရပ်ကွက်၊ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်၊ ဝမ်လုံးကျေးရွာအုပ်စု နှင့် ဖန်မင်ကျေးရွာအုပ်စုတို့ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းများ နှင့် အွန်လိုင်းလိမ်လည်လုပ်ငန်း(ကျားဖြန့်)များ အနက်  ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်းရှိ ကျားဖြန့်လုပ်ငန်းနေရာကိုသာ ရွေးချယ်ဖမ်းဆီးခြင်းလည်း ဖြစ်ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက သိရသည်။