ကိုးကန့်တွင် မူးယစ်ဆေးဝါးများသယ်ကာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို MNDAA ဖမ်းဆီးရမိ

ကိုးကန့်တွင် မူးယစ်ဆေးဝါးများသယ်ကာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို MNDAA ဖမ်းဆီးရမိ
အောက်တိုဘာ 17, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ဒေသတွင် မူးယစ်ဆေးဝါးများသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း The Kokangက ဖော်ပြထားသည်။

မြစ်ဝကျေးရွာတွင် ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲအပြီး ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို အထက်မိုင်းလားကျေးရွာ၌ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က မူးယစ်ဆေးဝါး အများအပြားအပြင် လက်နက်ခဲယမ်းများနှင့်ပါ ဖမ်းဆီးရမိခဲ့ခြင်းခြင်းကြောင်း သိရသည်။

အဆိုပါ စကခ(၁၂) တပ်ရင်း(၃၃၅) စစ်ကောင်စီတပ်သားထံမှ မူးယစ်ဆေးဝါးများထည့်ထားသည့် အိတ်(၃၁)အိတ်၊ (၆၀)မမ လက်နက်တစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၄)ရက်နေ့က MNDAA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်ဖွဲ့ စကခ (၁၂) တပ်ရင်း(၃၃၅)မှ အင်အား(၃၀)ကျော်သည် အရပ်သားတစ်ဦးအား လမ်းပြအဖြစ်ဖမ်းဆီး၍ စစ်ကြောင်းထိုးလာရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၁၆)ဦးသေပြီး ရိုင်ဖယ်(၁၀)လက်၊ (၆၀)မမ ပစ်အမြောက်တစ်လက်၊ လက်ပစ်အမြောက် တစ်လက်၊ ကျည်ဘောက် (၁၄)ခု၊ ကျည်ဆန် (၂၁၈)တောင့်၊ အသံလွှင့်စက်တစ်လုံး၊ လက်ကိုင်ဖုန်းတစ်လုံး၊ ဂြိုလ်တုဖုန်းတစ်လုံးနှင့် အခြားထောက်ပံ့ရေးပစ္စည်းအချို့အား MNDAAက သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

#TachileikNewsAgency

Photo : The Kokang