စစ်ကောင်စီသည် စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး ဖက်ဆစ်စစ်တပ်ဆုကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်နေသည်ဟု ညီနောင်(၃)ဖွဲ့ဆို

စစ်ကောင်စီသည် စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး ဖက်ဆစ်စစ်တပ်ဆုကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်နေသည်ဟု ညီနောင်(၃)ဖွဲ့ဆို
ဖေဖော်ဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်အတွက် စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး ဖက်ဆစ်စစ်တပ်ဆုကို ပြိုင်ဘက်မရှိထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၀)ရက်နေ့ နံနက်ပိုင်းတွင် သတင်း ထုတ်ပြန်သည်။

စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှာ အမြင့်ဆုံးအနေအထားတွင်ရှိနေပြီး အာဆီယံနိုင်ငံများအတွင်း အယုတ်မာဆုံး ဖက်ဆစ်စစ်တပ်ဘွဲ့ကို ၂၀၂၃ ခုနှစ်ကတည်းကပင် ပြိုင်ဘက်ကင်း ရရှိထားပြီးဖြစ်သကဲ့သို့ လက်ရှိတွင်လည်း စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့်လုပ်ရပ်များမှာ ရာဇဝတ်မှုအကျူးလွန်ဆုံး ဖက်ဆစ်စစ်တပ်ဆုကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဆိုသည်။

အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းတို့အပြင် စိတ်ပိုင်းဆိုင်ရာ ဒုက္ခမျိုးစုံတို့ကို တစ်နေ့တစ်မျိုး မရိုးအောင်ပေးနေခြင်း စသည့်စစ်ကောင်စီ၏လုပ်ရပ်များမှာ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ဖြစ်ပျက်နေဟုလည်း ထုတ်ပြန်ဖော်ပြထားသည်။

ထို့ကြောင့် အကြမ်းဖက် ပြည်သူသတ်စစ်ကောင်စီ၊ လက်ရှိစစ်ကောင်စီကို ဦးဆောင်နေကြသောသူများနှင့် စစ်အာဏာရှင်စနစ်မရှိတော့မှသာ မြန်မာပြည်သူလူထုတို့ စိတ်သက်သာရာရမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအနှံ့အပြား၌ စစ်ကောင်စီအား ဆန့်ကျင်တော်လှန်တိုက်ပွဲဝင်လျက်ရှိကြပြီး တော်လှန်ရေးအရှိန်အဟုန်သည်လည်း မြင့်တက်နေသည်ဟု ထုတ်ပြန်ထားသည်။

မြန်မာပြည်လူထုတစ်ရပ်လုံး လိုလားချက်များနှင့်နီးစပ်သည့် ရည်မှန်းချက်များကို ၁၀၂၇ စစ်ဆင်ရေး (၄)လတာနီးပါးတွင် အပြည့်အဝမဟုတ်သည့်တိုင် အတိုင်းအတာတစ်ခုအထိ စိတ်ကျေနပ်စေလောက်သော အောင်မြင်မှု၊ ရလဒ်တို့ကို ရယူနိုင်ခဲ့သည်ဟု ထုတ်ပြန်ဖော်ပြထားသည်။

#TachileikNewsAgency