တာချီလိတ်ရွှေတိဂုံစေတီတော်၏ ပရဝဏ်အတွင်း ဈေးသည်များ ယခင်အတိုင်း ဈေးပြန်လည် ရောင်းချခွင့် မရသေး၍ အခက်အခဲများ ဖြစ်ပေါ်နေ

တာချီလိတ်ရွှေတိဂုံစေတီတော်၏ ပရဝဏ်အတွင်း ဈေးသည်များ ယခင်အတိုင်း ဈေးပြန်လည် ရောင်းချခွင့် မရသေး၍ အခက်အခဲများ ဖြစ်ပေါ်နေ
ဧပြီ 28, 2024 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီတော်၏ ပရဝုဏ်အတွင်း ယာဉ်ရပ်နားရန် နေရာ ခက်ခဲကြောင်း အစည်းဝေးတွင် တင်ပြထားမှုနှင့်အတူ ဈေးသည်အချို့နှင့် ဘုရားဝန်ထမ်းအကြား အဆင်မပြေမှုအချို့ရှိနေသည့် ကိစ္စများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာများက နဂါးနှစ်ကောင်ဆရာတော်၏ အန္တိမဂ္ဂိဈာပနအတွင်း ဈေးရောင်းချခွင့် ပိတ်ပင်ထားခဲ့ရာမှ ဈာပနပြီးသွားပြီဖြစ်သော်လည်း ပြန်လည် ရောင်းချခွင့် မပြုသေး၍ ဈေးသည် မိသားစု(၁၀၀)ကျော်မှာ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ဈေးသည်အချို့နှင့် ဘုရားဝန်ထမ်းများအကြား အဆင်မပြေမှုအချို့နှင့် ပတ်သက်၍ ၂၀၂၄ခုနှစ် မတ်လ(၁၇)ရက်နေ့တွင် သတင်းများထွက်ပေါ်လာပြီးနောက် သက်ဆိုင်ရာများက တင့်သင့်မျှတစွာ ဖြေရှင်း ဆောင်ရွက်ခြင်း မရှိဘဲ ဈေးရောင်းချခွင့်ကို မတ်လ(၁၈)ရက်နေ့က စပြီး ပိတ်ပင်လိုက်သည်မှာ ယနေ့ ဧပြီလ(၂၈)ရက်နေ့အထိဖြစ်ပြီး ယခုလို လုပ်ဆောင်မှုသည် ဖြေရှင်းပုံ မှားနေသည့်အတွက် ဈေးသည်များ၏ စားဝတ်နေရေးကို ထည့်တွက် စဉ်းစားပေးစေလိုကြောင်း ဈေးသည်တစ်ဦးက ဆိုသည်။

"ဈေးသည်တွေက နေ့ရော ညရော ရှိတာဆိုတော့ ဒီလောက်များတဲ့ ဈေးသည်တွေထဲက အချို့ဈေးသည်တွေနဲ့ ဘုရားဝန်ထမ်းအကြား အဆင်မပြေတာတွေလည်း ရှိမှာပေါ့။ အပေးအယူ အဆင်ပြေတာရှိသလို အဆင်မပြေတာလည်း ရှိနိုင်တာဘဲ။ ဘယ်လို သတင်းမျိုးပဲ ထွက်ထွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စက ဟုတ်သလား မဟုတ်သလားဆိုတာကို သူတို့အချင်းချင်း အကောင်းဆုံး ဆွေးနွေးညှိနှိုင်း အဖြေရှာရင် ရတာပဲ။ အခုက အဲ့လို မဟုတ်ဘဲ ဈေးရောင်းချခွင့် လုံးဝ ပိတ်ပင်လိုက်တော့ ဈေးသည်တွေရဲ့ စားဝတ်နေရေးတွေ အတော်လေး အခက်တွေ့နေရတယ်။ ကျွန်မတို့အတွက် အိမ်လခတွေ၊ စားဝတ်နေရေးတွေ ကလေးတွေအတွက် အတော်ပူပန်နေရတယ်။ အဲ့ဒါကြောင့် သက်ဆိုင်ရာများအနေနဲ့ စည်းကမ်းသတ်မှတ်ချက်များနဲ့အတူ ဈေးရောင်းချခွင့် ပြန်လည်ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်"ဟု ဈေးသည် အမျိုးသမီးတစ်ဦးက Tachileik News Agency သို့ ဧပြီလ (၂၈)ရက်နေ့တွင် ပြောသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်၏ ပရဝဏ်အတွင်း ဈေးသည်များ ဈေးရောင်းချသည့် နေရာများနှင့် ပတ်သက်ပြီး မြို့မိမြို့ဖ တစ်ဦးက ယာဉ်ရပ်နားရန် နေရာ အခက်အခဲအချို့ရှိကြောင်း အစည်းအဝေး တစ်ခုတွင် တင်ပြမှုများလည်းရှိထားပြီး အဆိုပါ ကိစ္စနှင့်အပြင် ဈေးသည်အချို့နှင့် ဘုရားဝန်ထမ်းများအကြား အဆင်မပြေမှုအချို့နှင့် ပတ်သက်၍ ဈေးရောင်းခွင့် ပိတ်လိုက်ခြင်း ဖြစ်သည်။

"အစည်းအဝေးမှာ တက်ရောက်တဲ့ မြို့မိမြို့ဖတစ်ဦးက ကားရပ်နားဖို့နေရာ သိပ်မရှိတော့လိုဆိုပြီး တင်ပြထားတာရောကြောင့် ဈေးရောင်းခွင့် ပိတ်လိုက်တာလည်းပါတယ်။ ဘုရားပေါ်မှာ ဈေးရောင်းခွင့်တွေရဖို့ ဈေးသည်တွေ စားဝတ်နေရေး အဆင်ပြေစေဖို့အတွက် နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီးက အရင်ကတည်းက ခွင့်ပြုပေးခဲ့တာ။ အခု ဆရာတော်ကြီး ပျံလွန်တော်မှုသွားတော့   ဈေးရောင်းခွင့်ကို ပိတ်လိုက်တာက မကောင်းဘူးပေါ့ဗျာ။ ဆရာတော်ဘုရားကြီးက သူ စတင်တည်ထားခဲ့တဲ့ ဒီ ရွှေတိဂုံစေတီမှာ လူစည်ကားတာကို သိပ်လိုလားတာ။ ဈေးသည်တွေ ဘုရားဖူးတွေနဲ့ စည်းကားနေတာကို မြင်ရင် စိတ်ချမ်းသာနေတာမျိုး။ ဒီအရေးကိစ္စနဲ့ပတ်သက်ပြီး တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး နဲ့   တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကိုတို့အနေနဲ့လည်း ဘုရားပေါ်မှာ  ဈေးသည်တွေကို ဈေးရောင်းချခွင့် ပြန်လည်ပြုလိုက်ရင် ဈေးသည်တွေလည်း သိပ်ကျေးဇူးတင်နေကြမှာပါ။"ဟု အမည်မဖော်လိုသည့် မြို့မိမြို့ဖ တစ်ဦးက Tachileik News Agency ပြောသည်။

ရွှေတိဂုံစေတီတော်၏ ဝန်ထမ်းစရိတ် နှင့် အထွေထွေကုန်ကျမှုများအတွက် သုံးစွဲငွေကြေးများမှာ များသောအားဖြင့် ဈေးသည်များထံက ကောက်ခံရရှိသည့် ငွေကြေးများပါဝင်ကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား  နဂါးနှစ်ကောင်ကျောင်းတိုက်၏ ပဓာန နာယက၊ နိုင်ငံတော်ဩဝါဒါစရိယအဖွဲ့ဝင် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ  နဂါးနှစ်ကောင်ဆရာတော် ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ အမှုထား၍ ၁၉၉၅ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့ကစ၍ ပန္နက်တင်ကာ တည်ထားခဲ့ခြင်းဖြစ်ပြီး စေတီတော်၏ ပရဝဏ်အတွင်း အထွေထွေကိစ္စရပ်များကနေ ဈေးသည်များနှင့် ဘုရားဖူးများ စည်ကာလာစေရန်အထိ နဂါးနှစ်ကောင်ဆရာတော်ကြီးမှ ဆောင်ရွက်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။