ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ် လက်နက်ကြီးကုန်းကို တော်လှန်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်၏ အမှတ်(၁၂) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ရှိ လက်နက်ကြီးကုန်းကို တော်လှန်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအမြောက်တပ်သည် လက်နက်ကြီးများဖြင့် အရပ်သားများနေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများအတွင်းသို့  နေ့စဉ်ပစ်ခတ်နေသဖြင့် အိုးအိမ်များ၊ အဆောက်အအုံများ၊ သီးပင်စားပင်များနှင့် အရပ်သားထိခိုက်မှုများရှိနေခြင်းကြောင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကုန်းမှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် အခြားအဆင့်(၃)ဦး သေဆုံးကြောင်း ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သား သေဆုံးမှုစာရင်းကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်းမှ ဦးဆောင်ပြီး ကျားဖြူတပ်ခွဲ(၄)၊ တပ်ခွဲ (၅) Justice Soldier PDF၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle PDF)၊ Angry Bird၊ KLOUD၊ Power of Ababil(POA)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ရာ အနီးတဝိုက်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် နေအိမ်များတွင် ကတုတ်ကျင်းများ၊ ပုန်းခို၊ ဗုံးခိုကျင်းများကို စနစ်တကျပြုလုပ်၍ လုံခြုံရေးသတိပြု နေထိုင်ကြရန်လည်း တော်လှန်ရေးတပ်များက တိုက်တွန်းထားသည်။

#TachileikNewsAgency

Video : ကျားဖြူတပ်ခွဲ-၅