ပျူစောထီးရွာကို ရိက္ခာလာပို့သည့် စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို တိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်တွင် ကန်နီရွာပျူစောထီးစခန်းကို ရိက္ခာပို့ရန် ထွက်လာသည့် အင်အား(၇၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်များက ပြီးခဲ့သည့် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၅) ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပကဖထံမှ သိရသည်။ 

မြိုင်-ပေါက်ပြင်းလမ်းဆုံတွင် ကန်နီရွာပျူစောထီးစခန်းကို ရိက္ခာပို့ရန်ထွက်လာသည့် အင်အား(၇၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ဂွေးပင်လယ်ရွာချောင်းနားတွင်လည်း ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သဖြင့် ဂွေးပင်လယ်ချောင်းအနီးတွင် ရပ်နားခဲ့ရသည်ဟုဆိုသည်။

ထို့အပြင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Myaing U.A.V Fighterမှ ဦးဆောင်ကာ 1 kg ဗုံးသီးအဖူးများ၊ မောင်းသူမဲ့လေယာဉ်များနှင့် ဝေဟင်မှ ထပ်မံတိုက်ခိုက်ခဲ့ပြီးနောက် သံပုရာခြံကျေးရွာအနီးတွင် မြိင် ပကဖ တပ်ရင်း (၃)၊ ဗိုလ်လင်းမြွေအဖွဲ့နှင့် တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုတွင် မြိုင် ပကဖ တပ်ရင်း(၃)တပ်ခွဲ(၅)၊ ပကဖ တပ်ရင်း(၂)တပ်ခွဲ(၂)၊ မြိုင်ပကဖ Drone တပ်ဖွဲ့ ၊ Myaing UAV Fighter အဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့နှင့် ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များက ပူး‌ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မြိုင်ပကဖက ယနေ့ စက်တင်ဘာလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Video : မြိုင်-ပကဖ