တာချီလိတ်မြို့တွင် သင်္ကြန်ကာလအတွင်း လွယ်တော်ခမ်း(ပုန်းထွန်)ချောင်း၌ နှစ်စဉ် ဖွင့်လှစ်လေ့ရှိသည့် စားသောက်ဈေးဆိုင်ခန်းများနှင့် ပတ်သက်ပြီး ယခုနှစ်တွင် ရေညစ်ညမ်းမှုနှင့်အတူ စီးပွားရေး အဆင်မပြေမှုများကြောင့် ဈေးသည်များက ဈေးရောင်းချလိုခြင်း မရှိသော်လည်း ဈေးပွဲစီစဉ်သူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ယခုနှစ် ဈေးလာမရောင်းပါက နောက်နှစ် ဈေးပေးရောင်းတော့မည် မဟုတ်ကြောင်း အကြပ်ကိုင်ပြောဆိုနေ၍ ဈေးသည်များ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
"စီးပွားရေးတွေလည်း အဆင်မပြေကြသူတွေများတယ်။ ဈေးသည်တွေက အများအားဖြင့် မရောင်းချင်ကြဘူး။ ဒီနှစ်မရောင်းရင် နောက်နှစ်တွေ ပေးမရောင်းတော့ဘူးဆိုပြီး ပြောတယ်။ အဲ့လို အကြပ်ကိုင်ပြောဆိုတော့ ဈေးသည်တွေကလည်း နောက်နှစ်မရောင်းရမှာ စိုးရိမ်နေကြတာပေါ့။ ဒီနှစ်က ရေအခြေအနေကြောင့်ရယ် ပြီးခဲ့တဲ့ ရေလွှမ်းမိုးဒဏ်ကြောင့် ပြန်လည်ထူထောင်ဖို့တောင် အခက်အခဲဖြစ်နေတာဆိုတော့လေ ဈေးသည်တွေ တော်တော်လေး အခက်တွေ့နေတယ်။"ဟု ဈေးသည်တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် ပြောသည်။
ဈေးသည်များနှင့် ပွဲဈေးကြီးကြပ်မှုကော်မတီတို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း ဆုံးဖြတ်ချက်များမှာ ဈေးသည်များ၏ အလိုကျ မဟုတ်ခဲ့ကြောင်း သိရသည်။
"ဈေးပွဲ စီစဉ်တဲ့ လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှာ ဈေးသည်တွေကို ခေါ်တွေ့တယ်။ ဒီနှစ်တော့ လုပ်ဖြစ်အောင် လုပ်မယ် သူတို့အတွက် ရန်ပုံငွေလည်း လိုတယ်ပေါ့။ ဒီနှစ်ကို ဈေးလာမရောင်းသူတွေကို နောက်နှစ်ကျရင် နေရာမပေးတော့ဘူး။ ဈေးပေးမရောင်းတော့ဘူးဆိုတာမျိုး ပြောတယ်။ တချို့ကလည်း မငြင်းရဲဘူး။ အဓိက က နောက်နှစ်နေရာ မရမှာ ဆိုးတာပေါ့။ ဒီနှစ်ကတော့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ရင်းနှီးဖို့ ငွေအင်အားက မနည်းဘူးလေ။ နေရာခတွေကလည်း ဈေးကြီးသလို ပွဲပြီးသွားရင် အမြတ်က ပြောသလောက် ကျန်တာမဟုတ်ဘူး။ သူတို့က ဘာမှ သက်သာအောင်လည်း လုပ်ပေးတာမရှိဘူးလေ"ဟု နောက်ထပ် ဈေးသည်တစ်ဦးက ပြောပြသည်။
အစည်းဝေးသို့ တက်ရောက်ခဲ့သူ နောက်ထပ် ဈေးသည်တစ်ဦးကလည်း ယခုနှစ်တွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရန်မှာ မည်သို့မှ အဆင်ပြေနိုင်မည် မဟုတ်ဟု ဆိုသည်။
"သူတို့ ခေါ်တွေ့တော့ အစည်းအဝေးကို (၂၀)ကျော် လာတက်တယ်။ ဖွင့်ချင်သူက (၂)ယောက် (၃)ယောက်လောက်ပဲရှိတယ်။ ကျန်တဲ့လူတွေက အားလုံးက မဖွင့်ချင်ကြဘူး။ ဥက္ကဌ (လွယ်တော်ခမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး)က ဒီတစ်နှစ် ဘယ်လိုဘဲ ဖြစ်ဖြစ် ပွဲဈေးလုပ်မယ်ပေါ့။ အားလုံးအနေနဲ့ မဖွင့်ချင်ကြဘူး။ ရေကလည်း ဘိလပ်မြေရေလိုပဲ။ အရမ်းကြီးကို ဆိုးဆိုးရွားရွား ဖြစ်နေတာ။ ဈေးသည်တော်တော်များများကလည်း ရေကြီးခဲ့တဲ့ ဒဏ်ကြောင့် အခက်အခဲတွေ အများကြီးရှိနေတော့ ဒီနှစ်မှာ ရင်းနှီးလုပ်ကိုင်ဖို့က စီးပွားရေးမကောင်းတာနဲ့ဆိုတော့ ဆိုင် မဖွင့်ချင်ကြဘူး။"ဟု ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။
"ဥက္ကဌကလည်း ပြောနေတာ မိုင်းဆတ်ဘက်က ရွှေလုပ်တဲ့ဟာတွေကပေါ့ ရေကို သူတို့ ယူစစ်ပြီးပြီ ပြဿနာမရှိဘူးတဲ့ပြောတယ်။ ဘယ်လိုပြောပြော ရေက ဆင်းဆော့ချင်စရာတောင် မဖြစ်နေဘူး။ အတော်လေးကို ဆိုးရွားနေတာ။ တော်တော်များများကလည်း ဒီနှစ် ဒီအနေအထားနဲ့ဆိုရင် လာလည်သူလည်းရှိမှာ မဟုတ်ဘူး သင်္ကြန်အတွင်း တခြားနေရာမှာပဲ သွားလည်ကြမှာ။ ၂၀၂၃တုန်းကတောင် ဈေးသိပ်မရောင်းရဘူး။ အခုနှစ်ဆို ပိုဆိုးနိုင်တယ်။ အသုံးစရိတ်က များလာမှာ။ မီးမရှိတော့ မီးစက်သုံးရရင် ဓါတ်ဆီကလည်း ဈေးများတယ်။ ဒီနှစ်အတွက် အရာရာ အဆင်မပြေမှုကများတယ်လေ။ "ဟု ၎င်းက ဆက်လက်ပြောပြသည်။
တာချီလိတ်အထက်ပိုင်း မိုင်းဆတ်တွင် ရွှေတူးဖော်မှုများကြောင့် ချောင်းရေညစ်ညမ်းမှုဖြစ်နေသည့် အတွက် ပြီးခဲ့သည့် ၂၀၂၄ခုနှစ်က လွယ်တော်ခမ်း(ပုန်းထွန်)ချောင်းတွင် သင်္ကြန်ကာလအတွင်း ပွဲဈေးဆိုင်ခန်းများကို ဖွင့်လှစ်ခြင်း မရှိသော်လည်း ယခု ၂၀၂၅ခုနှစ်တွင် ချောင်းရေမှာ ဆိုးရွားဆို ညစ်ညမ်းနေဆဲဖြစ်သော်လည်း ဖွင့်လှစ်ရန် စီစဉ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။
နွေရာသီသင်္ကြန်ကာလအတွင်း ချောင်းများ၌ ဈေးရောင်းပွဲ ပြုလုပ်ရန် ခွင့်ပြုမိန့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာများကို ပေးကမ်းရသည်မှာ ထိုင်းဘတ်ငွေ အနည်းဆုံး ဘတ်(၁)သိန်းမှ တစ်သိန်းခွဲအထိ ပေးရလေ့ရှိကြောင်း သိရသည်။
"ဒီလိုမျိုးတွေ လုပ်ဖို့ဆိုတာက ခရိုင်ကပဲ ခွင့်ပြုမိန့်ပေးတာပေါ့။ အဲ့လိုခွင့်ပြုမိန့်ရဖို့ ထိုင်းဘတ်ငွေ အနည်းဆုံး ဘတ်(၁)သိန်းကနေ တစ်သိန်းခွဲအထိ ကုန်တာမျိုးရှိတယ်။ အရင် ခရိုင်အုပ်ချုပ်ရေးမှူးတွေက အဲ့လိုတွေရကြတယ်။ အခု ခရိုင်အုပ်ချုပ်ရေးမှူး အသစ်ကတော့ ငွေယူပြီး ခွင့်ပြုပေးမလား မပေးလားတော့မပြောတတ်ဘူး။ ဒီလို ခွင့်ပြုပြီဆိုရင်တော့ ထုံးစံအတိုင်း လောင်းကစားဝိုင်းပါ ထည့်ခွင့်ရတာပေါ့။ ဒီနှစ်တော့ ဈေးသည်တွေလည်း ဆိုင်ခန်းဖွင့်ဖို့ အဆင်မပြေနိုင်ဘူးဆိုပြီး အတော်လေး ငြီးနေကြတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက ထုတ်ဖော်ပြောကြားလာသည်။
တာချီလိတ်မြို့တွင် နှစ်စဉ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ နောက်ဆုံးနေ့ကနေ သင်္ကြန်အပြီး မြန်မာနှစ်ဆန်း(၁)ရက်နေ့အထိ သင်္ကြန်ကာလအတွင်း၌ လွယ်တော်ခမ်း(ပုန်းထွန်)ချောင်း နှင့် မယ်ဟုတ်ချောင်းတို့တွင် စားသောက်ဈေးဆိုင်ခန်းများဖွင့်လှစ်ပြီး ပွဲဈေးအဖြစ် ပြုလုပ်လျှက်ရှိရာ ယခုနှစ်တွင် မယ်ဟုတ်ချောင်း၌ ယခင်နှစ်လို ဖွင့် မဖွင့် မသိရသော်လည်း လွယ်တော်ခမ်း(ပုန်းထွန်)ချောင်းတွင် ဈေးပွဲ ဖွင့်မည့်အရေးမှာ ဈေးသည်များအတွက် အခက်အခဲ ဖြစ်နေခြင်း ဖြစ်သည်။
မှတ်ချက် - သတင်းများတွင် သတင်းရင်းမြစ်များ၏ အမည်များကို "အမည်မဖော်လိုသူ" သို့မဟုတ် "ဒေသခံ တစ်ဦး"ဟု သုံးနှုန်းထားခြင်းမှာ သက်ဆိုင်ရာများ၏ ခေါ်ယူအနိုင်ကျင့်မှုကို ကင်းဝေးရန်အတွက် ၎င်းတို့၏ လုံခြုံရေးအရ သုံးစွဲပေးထားခြင်း ဖြစ်ပါသည်။
#TachileikNewsAgency