ဘန်ကောက်မြို့ရှိ ရေကြီးနေသည့် နေရာများကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာမည်

ဘန်ကောက်မြို့ရှိ ရေကြီးနေသည့် နေရာများကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာမည်
စက်တင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် Lat Krabang ခရိုင်၏ နေရာများကို ဘေးအန္တရာယ်ကျရောက်သည့် ဧရိယာများအဖြစ် သတ်မှတ်သွားမည်ဖြစ်ပြီး အရေးပေါ် အကူအညီများ အလျင်အမြန် ပံ့ပို့းပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု မြို့တော်အုပ်ချုပ်ရေးအဖွဲ့က စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကြေညာသည်။

ဘန်ကောက်မြို့တော်အတွက် ထိုသို့ ကြေညာမှုမှာ ရှားပါးသည့် လုပ်ဆောင်မှုဖြစ်သော်လည်း အထိတ်တလန့်ဖြစ်စရာ မဟုတ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ 

Lat Krabang ခရိုင်အတွင်း နေရာ (၆) ခုကို စက်တင်ဘာလ (၁၆) ရက်နေ့ထက် နောက်မကျဘဲ ဘေးအန္တရာယ်ဇုန်များအဖြစ် ကြေညာသွားမည်ဟု ဘန်ကောက် လက်ထောက်အုပ်ချုပ်ရေးမှူး Tavida Kamolve က ပြောသည်။

ထိုနေရာများမှာ Lat Krabang, Klong Song Ton Noon, Klong Sam Prawet, Khumthong, Thubyao နှင် Lam Prathieu တို့ဖြစ်ကြပြီး မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးမှုကို အများဆုံး ကြုံတွေ့နေကြရသည်ဟု ဆိုသည်။ 

ဘေးအန္တရာယ်ဇုန်များအဖြစ် ကြေညာခြင်းဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာနထံမှ အရေးပေါ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေများနှင့် အခြား အကူအညီများ လျင်မြန်စွာ ရရှိအသုံးပြုနိုင်မည်ဟု Tavida Kamolve က ပြောသည်။

ဘန်ကောက်မြို့ခံများအနေဖြင့် အုပ်ချုပ်ရေးမှူး Chadchart Sittipunt က ထုတ်ပြန်မည့် ကြေညာချက်ကြောင့် အထိတ်တလန့် မဖြစ်သင့်ကြောင်းလည်း သူမက ဆိုသည်။ 

မိုးသည်းထန်ပြီး ရေကြီးနေသည့် နေရာများကို ဘေးအန္တရာယ်ဇုန်အဖြစ် ကြေညာခြင်း၏ ရည်ရွယ်ချက်မှာ ငွေကြေးနှင့် အခြားအကူအညီများအတွက် တရားဝင်ဖြစ်စေရန်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီးနောက် ခရိုင်ခွဲ (၆) ခုရှိ စိုက်ပျိုးမြေဧက (၅၂၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ပြီး ဒေသခံ အနည်းဆုံး (၂၀,၀၀၀) ရေဘေးသင့်ခဲ့သည်။ 

မိုးသည်းထန်ပြီး‌ ရေကြီးမှု အဆိုးဆုံး ကြုံတွေ့ရသည့် နေရာများမှာ Lat Krabang အပါအဝင် အရှေ့ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များဖြစ်ကြောင်း သိရသည်။

Lat Krabang ခရိုင်မှာ မိုးသည်းထန်မှု အများဆုံး ကြုံခဲ့ရသည်။ 

အလုပ်သမားအဖွဲ့များက ရေကြီးရေလျှံမှုဖြစ်သည့် နေရာများမှ ရေများကို Chao Phraya သို့မဟုတ် Bang Pakong မြစ်အတွင်းသို့ စီးဆင်းသည့် တူးမြောင်းများအတွင်း စီးဆင်းသွားစေရန် လုပ်ဆောင်နေခဲ့ကြသည်။ 

လာမည့် (၇) ရက်အတွင်း နောက်ထပ် မိုးမရွာပါက ခရိုင်အားလုံးတွင် ရေများပြန်ကျသွားမည်ဟု ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့မှ စာရေး Kajit Chatchawanich က ပြောသည်။

၎င်း၏ မျှော်လင့်ပြောကြားမှုမှာ မိုးလေဝသဌာနက ခန့်မှန်းမှုအရ ဖြစ်လာနိုင်ဖွယ်မရှိဟု ဆိုသည်။ ထိုင်းနိုင်ငံ မိုးလေဝသဌာနက လာမည့် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာလ ၂၁ ရက်) အထိ ဘန်ကောက်မြို့တွင် မိုးရွာသွားနိုင်ပြီး ရွာရန်ရာနှုန်း (၆၀) ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ကလည်း Bang Bon, Rat Burana, Yanawa, Min Buri နှင့် Nong Chook ခရိုင်များတွင် စက်တင်ဘာလ (၁၅) ရက် မွန်းလွဲပိုင်းမှစပြီး မိုးရွာသွန်းနိုင်ကြောင်း ပြောထားသည်။ 

အခြား မိုးရွာသွန်းနိုင်ဖွယ်ရှိသည့် ခရိုင်များမှာ Bung Kum, Bang Khen, Chatuchak, Lat Phrao နှင့် Kannayao တို့ဖြစ်ကြောင်း သိရသည်။

ထိုအတောအတွင်း ဘေးအန္တရာယ် ကာကွယ်တားဆီးရေးနှင့် လျှော့ချရေးဌာနက နိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ပြည်နယ် (၃၀) မှ အာဏာပိုင်များကို လာမည့် အင်္ဂါနေ့ (စက်တင်ဘာလ ၂၀ ရက်) အထိ သတိထားကြရန်နှင့် ထိုပြည်နယ်များအတွင်း စက်တင်ဘာလ (၁၈) ရက်မှစပြီး မိုးရွာသွန်းမည်ဟု ခန့်မှန်းထားရာ ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ 

လက်ရှိတွင် ရေများပြန်ကျနေသော်လည်း ပြည်နယ် (၁၃) ခုရှိ နေရာများမှာ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ထိုဌာနက ပြောသည်။

Source: Bangkok Post