အာဏာသိမ်းအဖွဲ့က ဖုန်းလိုင်းများအား ကြားဖြတ်နားထောင်သည့်စက်များ တပ်ဆင်ခိုင်းထားကြောင်း တယ်လီနော ထုတ်ပြန်

အာဏာသိမ်းအဖွဲ့က ဖုန်းလိုင်းများအား ကြားဖြတ်နားထောင်သည့်စက်များ တပ်ဆင်ခိုင်းထားကြောင်း တယ်လီနော ထုတ်ပြန်
စက်တင်ဘာ 15, 2021 | နိုင်ငံတကာသတင်း

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးကတည်း ဆက်သွယ်ရေးကုမ္ပဏီများကို ဖုန်းလိုင်းများ ကြားဖြတ်နားထောင်သည့်စက်များ တပ်ဆင်ခိုင်းခြင်းကဲ့သို့ လူ့အခွင့်အရေးချိုးဖေါက်မှုများ လုပ်ဆောင်ရန် ဖိအားပေးမှုများကြောင့် တယ်လီနောမြန်မာကို ရောင်းချလိုက်ခြင်းဖြစ်ကြောင်း ပြောကြားနိုင်ခြင်းမရှိကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ထုတ်ပြန်ထားသည်။

တယ်လီနောမြန်မာအနေဖြင့် ဖုန်းလိုင်းကြားဖြတ်နားထောင်သည့်စက်အား ယနေ့ စက်တင်ဘာလ (၁၅) ရက်နေ့အထိ လုပ်ဆောင်ခြင်းမရှိသော်လည်း ယခုထုတ်ပြန်ချက်ထုတ် ထွက်လာပြီးနောက်ပိုင်း အခြေအနေကို ပြောကြားနိုင်ခြင်းမရှိကြောင်း နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောအနေဖြင့် သုံးစွဲသူများအပေါ် လူ့အခွင့်အရေး ချိုးဖေါက်သည့်လုပ်ရပ်များကို လုပ်ဆောင်ရန် ဖိအားပေးခံရမှုများကို နိုင်ငံတကာကုမ္ပဏီတစ်ခုအနေဖြင့် လိုက်နာစောင့်ထိန်းရမည့်ကျင့်ဝတ်စည်းမျဉ်းများအတိုင်း လိုက်နာ၍ စောင့်ထိန်းခဲ့သော်လည်း ယင်းသို့လုပ်ဆောင်ရခြင်းမှာ တစ်ဖက်တွင် မိမိတို့ဝန်ထမ်းများ၏ လုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေဖြစ်၍ တယ်လီနောမြန်မာကို ဆက်လက်မလုပ်ကိုင်တော့ရန် ဆုံးဖြတ်ရခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

တယ်လီနောကုမ္ပဏီ၏ မြန်မာလုပ်ငန်းခွဲကို အမေရိကန် ဒေါ်လာ ၁၀၅ သန်းဖြင့် လက်ဘနွန် ရင်းနှီးမြှုပ်နှံရေးအုပ်စုဖြစ်သည့် M1 Group သို့ရောင်းချရန် ဇူလိုင်လအတွင်းက ကြေညာခဲ့ပြီး မြန်မာအာဏာသိမ်းအဖွဲ့မှ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်သည်။



မြန်မာနိုင်ငံတွင် MPT၊ Telenor၊ Ooredoo နှင့် Mytel ဆက်သွယ်ရေးလိုင်းများ ဝန်ဆောင်မှုပေးနေသော်လည်း ကြားဖြတ်နားထောင်သည့်စက်များ တပ်ဆင်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ထွက်ခွာမည့် Telenor က ပထမဆုံးထုတ်ပြန်လာခြင်းဖြစ်သည်။