အမျိုးသားညီညွတ်ရေးအစိုးရက AAC မှ ဦးရဲမင်းအား စစ်ဘေးရှောင်ကူညီရေး ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် တာဝန်ပေး

အမျိုးသားညီညွတ်ရေးအစိုးရက AAC မှ ဦးရဲမင်းအား စစ်ဘေးရှောင်ကူညီရေး ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် တာဝန်ပေး
မေ 14, 2021

လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာနက စစ်ဘေးရှောင်များထံ ထိုင်းနိုင်ငံရောက်မြန်မာများ ပေးပို့သည့်အကူအညီများ လျင်မြန်စွာပို့ဆောင်ရန် ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံအဖြစ် ထိုင်းနိုင်ငံအခြေစိုက် မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ(ACC) အထွေထွေတာဝန်ခံ ဦးရဲမင်းအား ၂၀၂၁ ခုနှစ်၊ မေလ (၁၄) ရက်နေ့တွင် တာဝန်ပေးအပ်လိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာဝန်ကြီးဌာနထံမှတဆင့် နယ်စပ်တလျှောက်ရှိ စစ်ဘေးရှောင်များအား ကူညီပေးနိုင်ရန် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများက ပေးပို့လာသည့် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများအား လိုအပ်သည့်နေရာများသို့ မြန်ဆန်စွာရောက်ရှိစေရန်အတွက် ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံကို ခန့်အပ်ခြင်းဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးလက်မှတ်ဖြင့် ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

စစ်အာဏာသိမ်းအဖွဲ့၏ အကြမ်းဖက်နှိမ်နှင်းဖမ်းဆီးမှုများကြောင့် နယ်စပ်ဒေသများသို့ တိမ်းရှောင်နေရသည့် ပြည်သူများနှင့် စစ်ဘေးရှောင်နေရသည့်ပြည်သူများအတွက် နိုင်ငံတကာရောက် မြန်မာပြည်သူများက အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် အတူပူးပေါင်း၍ ကူညီထောက်ပံ့မှုများ ပြုလုပ်နေကြခြင်းဖြစ်ကြောင်း သိရသည်။