မြန်မာ့သက္ကရာဇ် ၁၃၇၆ခုနှစ်၏ တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့ ၂၀၁၄ခုနှစ် သြဂုတ်လ(၂၂)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်ရွှေတိဂုံဘုရား ဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသော ဆရာတော်ကြီးများ နှင့် သံဃာတော် (၉)ပါးအား စုပေါင်း ဆက်ကပ်လှူဒါန်းသည့် တန်ဖိုးငွေမှာ ကျပ်(၃၅)သိန်းကျော် ရှိကြောင်း သိရသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ် မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဝင်းဝင်းသန့် နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဌ ဒေါ်အေးသန္တာကျော် နှင့် အဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ တက်ရောက်လာခဲ့ကြသည်။
အဆိုပါအဖွဲ့တို့သည် တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင်ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"အား အမှူးပြု၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ် (၉)ပါးအား ၀ါဆိုသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီးနောက် ရေစက်သွန်းချ တရားတော် နာယူခဲ့ကြကာ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကျားဖြူပါတီ၏ ဗဟိုအလုပ်အမှုဆောင် ရှမ်းအရှေ့ပိုင်း တာဝန်ခံ ဒေါ်နန်းငွေမြ နှင့် ကျားဖြူပါတီဝင်များမှ နေ့လည်စာအဖြစ် ထမင်းနှင့်ဟင်းများကို တက်ရောက်လာသည့် ဧည့်သည်တော်များအား ကျွေးမွေးဧည့်ခံခဲ့ကြသည်။
ယခုပြုလုပ်သော တာချီလိတ်မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ စုပေါင်းလှူဒါန်းမှု အစုစုမှာ တန်ဖိုးငွေဖြင့် ကျပ် (၃၅၆၄၈၀၀)ရှိကြောင်း သိရှိရသည်။