ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံများအား ကူညီပေးနေသည့် CNCMC ကော်မတီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်တွင် ဆပ်ကော်မတီ နှစ်ရပ်ဖွဲ့စည်း

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံများအား ကူညီပေးနေသည့် CNCMC ကော်မတီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်တွင် ဆပ်ကော်မတီ နှစ်ရပ်ဖွဲ့စည်း
သြဂုတ် 27, 2014
By Tachileik News Agency

တာချီလိတ်မြို့သည် တစ်ဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် အနီးစပ်ဆုံး နယ်စပ်မြို့ဖြစ်ရာ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ အလုပ်သွားရောက်၍ အလုပ် လုပ်ကိုင်သော မြန်မာနိုင်ငံသားများ၊ ဈေးဝယ်၊ အလည်သွားသော မြန်မာနိုင်ငံသားများနှင့် ထိုင်းဘဏ်မှ ငွေသွားရောက် ထုတ်ယူသည့် မြန်မာနိုင်ငံသားများနှင့် လမ်းဘေး ဆီးစစ်ခံရသည့် မြန်မာနိုင်ငံသားများ စသည့် မြန်မာနိုင်ငံသားများအား အကြောင်း အမျိုးမျိုးကြောင့် ထိုင်းရဲများ၏ စစ်ဆေးမှုမှတဆင့် ငွေညှစ်တောင်းခံမှုများကို ကူညီဖြေရှင်းပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ တာချီလိတ်မှ ဒေသအုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံများ၊ နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် CNCMC ခေါ် "ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ" Caring and Negotiating Committee for Myanmar Citizens In Mae Sai, Thailand သည် ၂၀၁၄ခုနှစ် သြဂုတ်လ(၂၆)ရက်နေ့က တစ်နှစ်တိတိပြည့်ပြီဖြစ်ရာ အဆိုပါ ကော်မတီ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို သြဂုတ်လ(၂၆)ရက် နံနက်(၉)နာရီအချိန်က တာချီလိတ်မြို့၊ ၀မ်ကောင်းရပ်ကွက်ရှိ ဘိုးဘွားရိပ်သာတွင် အလှူအတန်းပြုလုပ်၍ ကော်မတီ ရေရှည် တည်တံ့စေရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ကော်မတီ၏ တစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဘိုးဘွားရိပ်သာမှ သက်ကြီးရွယ်အို အဖိုးအဖွားများအား နေ့လယ်စာဖြင့် ကျွေးမွေးဧည့်ခံ လှူဒါန်းကြရာ ကော်မတီဝင်များမှ အနီးကပ် ဧည့်ခံ ကုသိုလ်ယူကြသည်။

ယင်းနောက် ကော်မတီ၏ ရေရှည်တည်တံ့စေရန်နှင့် ကော်မတီရန်ပုံငွေ တောင့်တင်းခိုင်မာစေရန်အပြင် ကော်မတီအား ကဏ္ဍများခွဲ၍ ဆပ်ကော်မတီနှစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

CNCMC ကော်မတီအား ရေရှည်တည်တံ့ခိုင်မာစေရေးနှင့် ရန်ပုံငွေရှာဖွေနိုင်ရေးအပြင် ကူညီဆောင်ရွက်ပေးမှု တိုးချဲ့နိုင်ရေးစသည့် ဆွေးနွေးမှုတွင် CNCMC ၏ နာယကများဖြစ်သည့် စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ၀င်းထွန်း နှင့် CNCMC ၏ ဥက္ကဌ ဖြစ်သူ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း နှင့် ကော်မတီဝင်များမှ တက်ရောက်လာခဲ့ကြပြီး အကြံပြုဆွေးနွေးကြသည်။

ဆွေးနွေးမှုတွင် ကော်မတီအား ရေရှည်တည်တံ့စေရေးအတွက် ဆပ်ကော်မတီနှစ်ခုအဖြစ် ဘဏ္ဍာငွေရှာဖွေ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဆပ်ကော်မတီ နှင့် လုပ်ငန်းအကောင်အထည်ဖော်ရေး ဆပ်ကော်မတီ နှစ်ရပ်ကို အတည်ပြု ဖွဲ့စည်းခဲ့ကြသည်။

ဘဏ္ဍာငွေရှာဖွေ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးဆပ်ကော်မတီသည် ကော်မတီအနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား ကူညီပေးရာတွင် ထောက်ပံ့ရန်လိုအပ်မှုများရှိလာပါက လွယ်ကူစွာ ထောက်ပံ့ပေးအပ် ကူညီနိုင်ရန်အတွက် ရန်ပုံငွေ ရှိထားရန်အတွက် ရန်ပုံငွေ ရှာဖွေပေးနိုင်ရေးနှင့် စီမံခန့်ခွဲရေး စသည့် လုပ်ငန်းများအတွက် ဆပ်ကော်မတီ ဖွဲ့စည်းထားတာဖြစ်ပြီး  လုပ်ငန်း အကောင်အထည်ဖော်ရေး ဆပ်ကော်မတီသည် အကူအညီတောင်းခံလာသူများထံ သွားရောက် ကူညီပေးရေး အဖွဲ့အတွက် သတ်မှတ်ထားသော ဆပ်ကော်မတီဖြစ်သော်လည်း လူအင်အား လိုအပ်လာပါက ကော်မတီနှစ်ရပ်လုံး မြေပြင်ဆင်း၍ ကူညီပေးသွားမှာဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အကြံပြုဆွေးနွေးမှုများတွင် ကော်မတီအတွက် ရုံးခန်းနေရာ ရရှိရေးနှင့်  အရေးပေါ်ကူညီမှုများ တောင်းခံနိုင်ရန်အတွက် အမှတ်(၁)တံတားပေါ်တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်များပါရှိသည့် စာများ ကြော်ငြာထားနိုင်ရန် စသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုအပြီးတွင် ကော်မတီ ( CNCMC )အတွက် ရန်ပုံငွေအဖြစ် မြို့နယ်အထောက်အကူပြုကော်မတီ ဥက္ကဌ ဦးကြည်မြင့်+ဒေါ်နန်းခမ်း(တော်ဝင်မြန်မာ မိသားစု) မှ ကျပ်(၁)သိန်း တစ်တိတိကို ပေးအပ်လှူဒါန်းရာ ကော်မတီ၏ နာယကများမှ ၀မ်းမြောက်စွာဖြင့် လက်ခံခဲ့ကြသည်။

ကော်မတီ ( CNCMC )အား ပြီးခဲ့သော၂၀၁၃ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က တာချီလိတ်ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ နှင့် ရပ်မိရပ်ဖများပါဝင်သော ကော်မတီဝင် (၂၇) ဦးဖြင့် ဖွဲ့စည်းခဲ့ရာ ကော်မတီ၏ အကြီးမားဆုံးနှင့် ပထမဆုံး ကူညီဖြေရှင်းမှု အနေဖြင့် မြန်မာနိုင်ငံသား အလုပ်သမား (၁၈၆)ဦးကိစ္စကူညီပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများ၏ အခက်အခဲကို ကူညီပေးခဲ့ရာတွင် စားနပ်ရိက္ခာများ ကူညီထောက်ပံ့မှုအနေဖြင့် (၃)ကြိမ်တိတိပေးအပ် ကူညီလာခဲ့ရာမှာ ကုန်ကျငွေဖြင့် မြန်မာကျပ်ငွေ (၂၅)သိန်းကျော် ရှိခဲ့ကြောင်းနှင့် ထိုသို့ ကူညီထောက်ပံ့နိုင်မှုအတွက် တာချီလိတ်ဒေသခံများ၏ စုပေါင်း ထည့်ဝင် လှူဒါန်းမှုများကြောင့် ကူညီထောက်ပံ့နိုင်တာဖြစ်ကြောင်းလည်း သိရသည်။

ကော်မတီ ( CNCMC )အနေဖြင့် ဖြတ်သန်းခဲ့သည့် တစ်နှစ်တာကာလအတွင်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် အနီးစပ်ဆုံးမြို့များမှ အခက်အခဲဖြစ်ပေါ်ပြီး အကူအညီတောင်းခံလာသည့် မြန်မာနိုင်ငံများအား ကူညီပေးခဲ့ရာတွင် မြန်မာနိုင်ငံသား အလုပ်သမား (၁၈၆)ဦးကိစ္စ အပါအ၀င် ထိုင်းဘတ်ငွေ (၈)သိန်းကိစ္စ၊ ထိုင်းဘတ်ငွေ (၂)သိန်းကိစ္စ၊ ရွှေထည်များ သိမ်းဆည်းခံရသည့်ကိစ္စ၊ နှင့် ထိုင်းဘဏ်မှ ငွေထုတ်ယူလာသည့် ကိစ္စဖြင့် ငွေညှစ်ခံရသည့် ဖြစ်စဉ် (၁၀)ခုခန့် နှင့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ လမ်းဘေး ဆီးစစ်သည့် ကိစ္စရပ်များကို စေတနာ မေတ္တာဖြင့် ကူညီပေးနိုင်ခဲ့ကြောင်း ကော်မတီ ( CNCMC) မှ သိရသည်။

ကော်မတီ ( CNCMC )သည် ဆက်လက်၍လည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံဘက်ရှိ တာဝန်ရှိသူများနှင့် စပ်စေ့ညှိနှိုင်း၍ ကူညီပေးသွားမှာ ဖြစ်ကြောင်း သိရှိရသည်။

သတင်း။ ။ကိုဇောင်း

ပုံများကိုကြည့်ရန်
CNCMC ကော်မတီ (၁)နှစ်ပြည့် နှစ်ပတ်လည်တွင် ဆပ်ကော်မတီ နှစ်ရပ်.....

56 photos
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
Tachileik Online News
~⊱•❈❀ღ✿⊰❂⊱✿ღ❀❈•⊰~
~~~~~~~~~ ကြော်ငြာ ~~~~~~~~~